မောင်လှိုင်း
ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန် တရုတ်နိုင်ငံမှ မန္တလေးမြို့သို့ ထွက်ခွာလာသည့် တရုတ်ကြက်ခြေနီအသင်း၏ ကားများအား နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင် မြဝတီရုပ်မြင်သံကြားမှတစ်ဆင့် ဝန်ခံခဲ့သည်။
“တပ်မတော်လုံခြုံရေးအဖွဲ့အနေနဲ့ ဒီယာဉ်တန်းကို တွေ့တဲ့အခါမှာ တားဆီးပါတယ်။ တားဆီးလို့ မရပါဘူး။ ဒါမီတာတစ်ရာလောက်၊ ၂၀၀ လောက်တိုင် မီးထိုးပြီး တားဆီးတယ်။ တားဆီးလို့ မရပါဘူး။ မီတာ တစ်ရာလောက် အကွာမှာတော့ ကျနော်တို့မိုးပေါ်ထောင်ပြီးတော့ သေနတ် သုံးချက် ပစ်ဖောက်ခဲ့တယ်လို့ သိရပါတယ်”ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါ တရုတ်ကြက်ခြေနီကားများသည် စစ်ကောင်စီလုံခြုံရေးဂိတ်များကို ဖြတ်သန်းသွားလာခွင့် တောင်းဆိုထားသည်ဟု TNLA ဘက်မှ ထုတ်ပြန်ပြောဆိုထားသော်လည်း စစ်ကောင်စီ၏ သက်ဆိုင်ရာ သံရုံးနှင့် စစ်သံရုံးတို့ကို ဆက်သွယ်ထားခြင်းမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ငြင်းဆိုသည်။
ယင်းကားများအား သေနတ်သုံးချက် ပစ်ဖောက်ကာ တားဆီးခဲ့သည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူမှ ပြောဆိုထားသော်လည်း စက်သေနတ်ဖြင့် ပစ်ခတ်သည်ဟု တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ၏ ထုတ်ပြန်ပြောဆိုချက်တွင် ဖော်ပြထားသည်။
ပစ်ခတ်ခံရသည့် နေရာတွင်လည်း စစ်ကောင်စီတပ်နှင့် TNLA တို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု ၎င်းက ထုတ်ပြောဆိုခဲ့သည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ကား ကိုးစီးအား ယမန်နေ့ (ဧပြီလ ၁ ရက်) တွင် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာအနီး၌ စစ်ကောင်စီတပ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု TLNA ထုတ်ပြန်ချက်အရ သိရသည်။
ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ကားများတွင် လိုက်ပါလာသူများ၏ ထိခိုက်မှုအခြေအနေအား TLNA မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။
နိုင်ငံတဝှမ်း ငလျင်ဘေးသင့်နေချိန်တွင်လည်း စစ်ကောင်စီသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်၊ ပဲခူး၊ ဧရာဝတီနှင့် ကရင်နီဒေသတို့ကို ၃၂ ကြိမ်ထက်မနည်း လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ် ဆက်တိုက်ပြုလုပ်လျက်ရှိသည်။