အမီးလေး
ချင်းပြည်နယ်၊မင်းတပ်မြို့အား ဧပြီလ ၁ ရက်နှင့် ယနေ့ ၂ ရက်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဆလိုင်း ယောမန်ကပြောသည်။
“မနေ့ကတော့ နှစ်ကြိမ်ကြဲသွားတယ် မနေ့ညနေ ၆ ခွဲဝန်းကျင်တစ်ကြိမ်နဲ့ ၁၀ နာရီ တစ်ကြိမ်ပေါ့။ ပြည်သူ နေအိမ်ထိခိုက်တာရှိတယ်။အဆောက်အဦးတွေပျက်ဆီးတာရှိတယ်။ လမ်းတွေပျက်ဆီးတာရှိတယ်။ ဒီနေ့ လည်းအဲလိုပဲ နေ့လည် တစ်နာရီခွဲလောက် ပြန်ကြဲသွားတယ်။ အဆောက်အဦးတွေ ပျက်ဆီးတာရှိတယ်။ လူတွေထိခိုက်တာမရှိဘူး။ ဘာတိုက်ပွဲမှာလည်းမရှိဘူး။ ဒီတိုင်းပဲလာကြဲသွားတာပါ” ဟုဆိုသည်။
စစ်ကောင်စီက နှစ်ရက်အတွင်း စုစုပေါင်း ဗုံး ရှစ်လုံးကြဲချခဲ့ပြီး မင်းတပ်မြို့မှ အဆောက်အအုံ ငါးလုံး ပျက်စီးသွားသည်ဟု ၎င်းကဆက်ပြောသည်။
လေယာဉ်ဗုံးကြဲမှုကြောင့် ပြည်သူများ အထိအခိုက်မရှိသော်လည်း ဒေသခံပြည်သူတချို့ တစ်ကျော့ပြန် စစ်ရှောင်နေရသည်ဟု ဆိုသည်။
မင်းတပ်မြို့တွင် ဒေသခံပြည်သူများ ပြန်လည်နေထိုင်ခွင့်အား ဇန်နဝါရီလ ၁၁ ရက်မှ စတင်၍ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ခွင့်ပြုခဲ့ပြီး ဒေသခံပြည်သူ တချို့ လည်း ဝင်ရောက် နေထိုင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်သွားသည့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မြင့်တက်နေသော်လည်း စစ်ကောင်စီသည်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုအား ငါးရက်အတွင်း ၃၂ ကြိမ် လုပ်ခဲ့ပြီး သေဆုံးသူ ၅၂ ဦး နှင့် ဒဏ်ရာရသူ ၄၉ ဦးတို့ရှိခဲ့သည်ဟု DVB ၏ စာရင်းအရသိရသည်။
ယင်း ငါးရက်အတွင်း စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် မကွေးတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်သည်။
အာဏာစတင်သိမ်းသည့်အချိန် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အရပ်သားပြည်သူများအား လေကြောင်းမှ အကြိမ်ရေ ၁၇၀၀ ကျော်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပုံစာ – မင်းတပ်၊ ကန်ပက်လက်အတွင်း ဧပြီ ၂ ရက်လေကြောင်းတိုက်ခိုက်ခံရမှု။
ဓါတ်ပုံ – The Mindat Post(Yaw Mang/ပေးပို့]