အင်အားအလွန်ပြင်းထန်သော ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ ငလျင်သည် မြန်မာနိုင်ငံအလယ်ပိုင်းကို လှုပ်ခတ်ခဲ့ပြီး အဆောက်အဦးများ၊ ဘုရားစေတီပုထိုးများနှင့် လူထောင်ပေါင်းများစွာ၏ ဘဝများကို ကျော်လွန်သွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ဒုက္ခဆိုးကျရောက်မှု၏ ပြင်းထန်သော အမှန်တရားကို စတင်ခံစားနေကြရသည်။
ငလျင်ဗဟိုချက်ဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းမြို့တွင် သင်္ချိုင်းတစ်ခု၌ အလောင်းများ စတင်စုပုံလာနေသည်။
“အလောင်းတွေက မနေ့ကတည်းက အနံ့ဆိုးတွေ ထွက်နေပါတယ်။ ဒီနေ့မှာတော့ ဖော်ပြဖို့ စကားလုံးတောင် မရှိတော့ပါဘူး။ အလောင်းတွေကို မြို့ထဲကနေ ဖယ်ရှားလို့ မရသေးဘူး၊ ကယ်ဆယ်ရေးအဖွဲ့တွေလည်း မရောက်လာသေးဘူး” ဟု အသက် ၂၀ အရွယ် စစ်ကိုင်းဒေသခံ မအေးမိုးက မတ်လ ၃၁ ရက်တွင် ပြောသည်။
တရားဝင်အားဖြင့် ငလျင်ကြောင့် သေဆုံးသူဦးရေ ၃,၇၀၀ ကျော်သွားပြီဖြစ်သည်။ တရားဝင်မဟုတ်သော ခန့်မှန်းချက်အရ ထောင်ပေါင်းများစွာ ပိုမိုများပြားနိုင်သည်ဟု လူအများက စိုးရိမ်နေကြသည်။ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနကတော့ သေဆုံးသူဦးရေ ၁၀,၀၀၀ ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။
“သင်္ချိုင်းမှာ ကျင်းတစ်ကျင်းကို အလောင်း ၁၀ လောင်းနှုန်းနဲ့ မြေမြှုပ်နေရတယ်” ဟု စစ်ကိုင်းမြို့၏ အခြေအနေကို မအေးမိုးက ပြောပြသည်။ “နေရာလုံလောက်မှုမရှိတော့ရင် မန္တလေးကို သယ်သွားပြီး မီးသင်္ဂြိုဟ်ရတယ်၊ ဒါပေမယ့် အဲဒီမှာလည်း လုံလောက်မှု မရှိပါဘူး”
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ကျယ်ပြန့်သည့် နယ်စပ်ဒေသများမှ လွဲ၍ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများသို့ နိုင်ငံခြားမီဒီယာများ ဝင်ရောက်ခွင့်ကို ကန့်သတ်ခဲ့သည်။
ထိုနောက်ပိုင်း ပြည်တွင်းစစ်ဖြစ်ပွားမှုကြောင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို သတင်းရယူရာတွင် မြန်မာသတင်းထောက်များစွာသည် ပြည်ပ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ဤအခြေအနေကြောင့် ပဋိပက္ခနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ ယခုအခါ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော သတင်းအချက်အလက်များ စီးဆင်းမှုမှာ အခက်အခဲများ ရှိနေသည်။ သို့သော် ရက်များ ကြာလာသည်နှင့်အမျှ အသေးစိတ်အချက်အလက်များမှာ ပေါ်ထွက်လာနေသည်။
“အားလုံးကို ကိုယ့်အားကိုယ်ကိုးပြီး ကိုင်တွယ်နေရပါတယ်။ အလောင်းအတိအကျ အရေအတွက်ကို မသိရသေးပါဘူး” ဟု မအေးမိုးက ပြောသည်။ “ဆေးရုံကြီးမှာ လူနာတွေရော အလောင်းတွေရောရှိပြီး စီမံခန့်ခွဲမရဖြစ်နေတယ်။ လူအင်အား မရှိပါဘူး၊ လူငယ်တွေလည်း မရှိတော့ပါဘူး – တချို့က တောထဲကို ရောက်ကုန်တယ်၊ တချို့က နိုင်ငံပြင်ပကို ထွက်သွားကြတော့လေ။”
မအေးမိုး၏ အဆိုအရ စစ်ကိုင်းမြို့တွင် တနင်္လာနေ့အထိ ကယ်ဆယ်ရေးအဖွဲ့များ မရောက်ရှိသေးပေ။
‘ညပ်နေသူများကို ဆွဲမထုတ်နိုင်’
အသက် ၂၅ နှစ်အရွယ် စစ်ကိုင်းမြို့နေ ကိုအောင်ကြီးက “လူတိုင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ပြောသည်။ မြို့သည် “အပျက်အစီးများ” ဖြစ်နေပြီး ငလျင်ဒဏ်ခံရသူများမှာ အစားအသောက်၊ ရေနှင့် ခြင်ဆေးခွေများကဲ့သို့သော အခြေခံပစ္စည်းများကို လိုအပ်နေကြသည်ဟု သူက ပြောသည်။
“အဓိကပြဿနာက နှစ်ထပ်နဲ့ သုံးထပ်အဆောက်အဦးတွေ ပြိုကျသွားပြီး အောက်မှာ ညပ်နေတဲ့ လူတွေကို ဆွဲမထုတ်နိုင်တာပါ” ဟု သူက ပြောပြသည်။ စစ်ကိုင်းမြို့၏ အဓိကတံတားတစ်စင်းသည် ပျက်စီးသွားသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သော ယာဉ်ကြီးများ ဖြတ်သန်းသွားလာ၍ မရကြောင်းလည်း သူက ဖြည့်စွက်ပြောသည်။
“ကျွန်တော်တို့ မသိသေးတာက ကုန်းမြင့်တွေပါ။ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေ အများကြီးကိုလည်း မစစ်ဆေးရသေးဘူး” ဟု သူက ထပ်လောင်းပြောသည်။
တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အမေရိကန်နှင့် အရှေ့တောင်အာရှနိုင်ငံများမှ အရေးပေါ် အကူအညီများနှင့် ကယ်ဆယ်ရေးလုပ်သားအဖွဲ့များသည် နိုင်ငံတွင်းသို့ စီးဝင်စပြုလာပြီး အများစုမှာ နေပြည်တော်မှတစ်ဆင့် ဝင်ရောက်လာကြသည်။ သို့သော် ၎င်းတို့၏ အမြန်ပို့ဆောင်ရေးသည် သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုများကြောင့်သာမက ပြည်တွင်းစစ်ဖြစ်ပွားနေသော နိုင်ငံတွင် ၎င်းတို့ကို ပို့ဆောင်ရန် ထောက်ပို့ရေးအခက်အခဲများကြောင့်လည်း နှောင့်နှေးလျက်ရှိနေသည်။
မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ရလဒ်များသည် ကျန်းမာရေးစနစ်၏ တစ်စိတ်တစ်ပိုင်းကို လွှမ်းမိုးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများသည် “ပျက်စီးသွားသော လမ်းများ၊ ပြိုကျသွားသော တံတားများ၊ မတည်ငြိမ်သော ဆက်သွယ်ရေးနှင့် ပြည်တွင်းပဋိပက္ခနှင့် ဆက်စပ်သော ရှုပ်ထွေးမှုများအပါအဝင် သိသာထင်ရှားသော အတားအဆီးများ” နှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ကျောက်တုံးအပျက်အစီးများကြားမှ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့တွင် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုများကြောင့် အဆောက်အအုံများ ပိုမိုပြိုကျမည်ကို ဒေသခံများ ကြောက်ရွံ့နေကြပြီး လမ်းများပေါ်တွင် အိပ်စက်နေကြရသည်။
“လူတွေက တစ်ယောက်နဲ့ တစ်ယောက် ကူညီဖို့ ကြိုးစားနေကြပါတယ်” ဟု လက်ရှိတွင် သူမ၏ ဆွေမျိုးများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများကို ကူညီရန် ကြိုးစားနေသော ဩစတေးလျအခြေစိုက် မြန်မာဆရာဝန် ဒေါက်တာနန်းဝင်းက ပြောသည်။ “စနစ်က အစကတည်းက မတည်ဆောက်ထားဘူး၊ ဘေးအန္တရာယ် စီမံချက်မရှိဘူး။”
အချို့သော အကူအညီများသည် မြို့သို့ စတင်ရောက်ရှိလာပြီဖြစ်ကြောင်း၊ သူ၏ လုပ်ဖော်ကိုင်ဖက်များသည်လည်း ယာယီဆေးခန်းများ တည်ဆောက်နေကြောင်း သူက ပြောသည်။ သို့သော် အရေးပေါ်အကူအညီများ နှောင့်နှေးမှုသည် မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုကို ဖြစ်စေခဲ့သည်ဟု သူက ဆိုသည်။
“၁,၇၀၀ ဦးဟာ တကယ့်သေဆုံးသူ အရေအတွက် မဟုတ်ပါဘူး” ဟု သူမက ပြောသည်။ “မန္တလေးက မြို့တစ်မြို့တည်းမှာတောင် အဲဒီထက် ပိုများမှာပါ။”
ယခုဆောင်းပါးမှာ သံလွင်ခက်မီဒီယာ သတင်းသမားများက အချက်အလက်နှင့် ဒေသခံသတင်းရင်းမြစ်ပြောစကားများကို ထောက်ပံ့ပေးမှုဖြင့် The Guardian မှ ဧပြီ ၁ ရက်တွင် တင်ဆက်ခဲ့သော ‘It’s beyond description’: Bodies pile up in mass graves as Myanmar grapples with quake toll’ ကို ဆီလျော်အောင် ဘာသာပြန်ထားသော ဆောင်းပါးဖြစ်သည်။
ဓာတ်ပုံ – မန္တလေးမြို့ရှိ အပျက်အစီးနှင့် သေဆုံးသူ မြင်ကွင်းများ (Than Lwin Khet News)