ဘန်ကောက်တွင် ငလျင်ကြောင့် ပြိုပျက်သွားသည့် အဆောက်အအုံတွင် ပိတ်မိနေသူများ၏ မိသားစုဝင်များအား ထိုင်းဝန်ကြီးချုပ် ဖေထုန်တန် ရှင်နာဝတ်ထရာက ဧပြီ ၂ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
နိုင်ငံတော်စာရင်းစစ်ရုံး ပြိုကျမှုမှ ပျောက်ဆုံးနေသူများကို စောင့်ဆိုင်းရာစင်တာတွင် စောင့်ဆိုင်းနေသည့် ဆွေမျိုး ၆၇ ဦးနှင့် ယနေ့ သွားရောက်တွေ့ဆုံစကားပြောခဲ့သည်ဟု Khaosod သတင်းဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်တွင် မတ်လ ၂၈ ရက်က အင်းအားပြင်းငလျင်ကြောင့် ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျခဲ့ပြီး လက်ရှိအချိန်အထိ အလုပ်သမား ၈၃ ဦးကို ရှာဖွေနေဆဲဖြစ်သည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့ထဲတွင် ထိုင်းအလုပ်သမား ၅၅ ဦး၊ မြန်မာအလုပ်သမား ၂၄ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၃ ဦးနှင့် လာအိုအလုပ်သမား ၁ ဦးတို့ ပါဝင်သည်။
အပျက်အစီးများအောက်တွင် ပိတ်မိနေပြီး ပျောက်ဆုံးနေဆဲ အလုပ်သမားများကို ရှာတွေ့လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် မိသားစုဝင်နှင့် မိတ်ဆွေများက စောင့်ဆိုင်းရန် ပြုလုပ်ပေးထားသောနေရာတွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်ကာ မြန်မာအများစု ပါဝင်သည်ကို တွေ့ရသည်။
စာရင်းစစ်ချုပ်ရုံး ပြိုကျမှုကြောင့် ဧပြီလ ၁ ရက် ညပိုင်းအထိ သေဆုံးသူ ထိုင်းအလုပ်သမား ၁၁ ဦး၊ မြန်မာအလုပ်သမား ၃ ဦး စုစုပေါင်း ၁၄ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိထားပြီးဖြစ်သည်ဟု မြန်မာအလုပ်သမားအရေး ကူညီနေသူများထံမှ သိရသည်။
ပုံစာ- ငလျင်ကြောင့် ပြိုပျက်သွားသည့် အဆောက်အအုံပျက်တွင် ပိတ်မိနေသူများ၏ မိသားစုဝင်များထံသို့ ထိုင်းဝန်ကြီးချုပ်မှ သွားရောက်တွေ့ဆုံစဉ် (ဓာတ်ပုံ-Khaosod)



