တရုတ်နိုင်ငံ တရုတ်ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ကားများကို စစ်ကောင်စီမှ တိုက်ခိုက်ခဲ့သည်ဟု တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ကား ကိုးစီးအား ယမန်နေ့ (ဧပြီလ ၁ ရက်) တွင် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာအနီး၌ စစ်ကောင်စီတပ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု TLNA ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်ကြက်ခြေနီအသင်းသည် မန္တလေးမြို့သို့ ထောက်ပံ့ရေးပစ္စည်းများ သွားရောက် ပို့ဆောင်ရန် စစ်ကောင်စီထံမှ ခွင့်ပြုချက်ရပြီးသားဖြစ်သော်လည်း လမ်းတစ်ဝက်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် တရုတ်ကြက်ခြေနီအသင်းမှ ကူညီရန် လာရောက်သူများနှင့် ထောက်ပံ့ရေးပစ္စည်းများအား TNLA မှ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ၎င်းတို့ လိုရာခရီးကို ဆက်လက်ပို့ဆောင်သွားမည်ဟုလည်း ဆိုထားသည်။
နိုင်ငံတဝှမ်း ငလျင်ဘေးသင့်နေချိန်တွင်လည်း စစ်ကောင်စီသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်၊ ပဲခူး၊ ဧရာဝတီနှင့် ကရင်နီဒေသတို့ကို ၃၂ ကြိမ်ထက်မနည်း လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ် ဆက်တိုက်ပြုလုပ်ခဲ့သည်။
ငလျင်စတင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်မှ ဧပြီလ ၁ ရက်အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၂ ဦးရှိပြီး ဒဏ်ရာရှိသူ ၄၉ ဦးထက်မနည်းရှိသည်ဟု DVB Data team ၏ ဖော်ပြချက်အရ သိရသည်။
ပုံစာ- တရုတ်ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်ထားသည့် ယာဉ်းတန်းများနှင့် ယာဉ်မောင်းများ (ဓာတ်ပုံ-TNLA/PSLF)


