မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ဘေးဒဏ်ကြုံတွေ့ကြုံတွေ့ခဲ့ရသော ဒေသများ၏ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်လုပ်ငန်းများတွင် ထောက်ပံ့နိုင်ရန်အတွက် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် BGF က ကျပ်သိန်းပေါင်း ၃၅၀၀၀ လှူဒါန်းသွားမည်ဟု ဧပြီလ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဘေးဒဏ်ကြုံတွေ့ခဲ့ရသော ဒေသများအတွက် အချိန်နှင့်တပြေးညီကူညီလျှက်ရှိပြီး ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရမှ တဆင့်လှူဒါန်းခြင်း၊ ပြည်သူအများထံသို့ တိုက်ရိုက်လှူဒါန်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
“ဒီငလျင်ဘေးဒဏ်သင့်တဲ့နေရာတွေမှာက ကူရာကယ်ရာမဲ့နေတဲ့ နေရာတွေရှိတယ်။ အဲဒီလိုအခြေအနေကို ကိုယ်တိုင်သွားရောက်နေတဲ့ မြဝတီက လူမူကူညီရေးအဖွဲ့တွေကနေတဆင့် ပဏာမကူညီခဲ့တာရှိတယ်။ သူတို့တွေ မြေပြင်ရောက်နေတဲ့အချိန်မှာလည်း တွေ့ရှိချက်တွေအပေါ်မူတည်ပြီး ကျွန်တော်တို့ လိုအပ်တာတွေ ပံ့ပိုးသွားဖို့ အစီအစဉ်လည်းရှိပါတယ်။ တပ်ဖွဲ့အနေနဲ့က အရင်ကတည်းက မြိုင်ကြီးငူဆရာတော်ဘုရားကြီးရဲ့ ဦးဆောင်မှုအောက်ကနေ ရပ်တည်လာတဲ့ အဖွဲ့တွေဖြစ်တယ်။ အဲဒီတော့ ဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်မှုအတိုင်း အကြီးအကဲတွေက လက်ရှိအချိန်ထိ လိုက်နာဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု BGF ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
ငလျင်ဘေးဒဏ်ကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခြင်း၊ အိုးအိမ်တိုက်တာစည်းစိမ်များပျက်စီးခြင်း၊ ဘုန်းကြီးကျောင်း၊ ဗလီ၊ ဘုရားရှိခိုးကျောင်း၊ ဝတ်ပြုရာနေရာများနှင့် ရှေးဟောင်းသမိုင်းဝင်တန်ဖိုးကြီး အမွေအနှစ်များပါဆုံးရှုံးခဲ့ရသည့်အပေါ် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF)အနေဖြင့် ထပ်တူဝမ်းနည်းကြေကွဲရသည်ဟု ထည့်သွင်းဖော်ပြထားသည်။
“ကျွန်တော်တို့ကူညီကယ်ဆယ်ရေးအပိုင်းမှာ ၂ ပိုင်းခွဲထားပါတယ်။ ပထမတစ်ချက်အနေနဲ့ကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ သဘောနဲ့ နိုင်ငံတော်နဲ့ ချိတ်ဆက်လှူဒါန်းတာရှိပါတယ်။ ဒုတိယတစ်ချက်ကတော့ မြေပြင်မှာ လက်တွေ့ရောက်အောင်၊ တကယ့်လက်တွေ့ကွင်းဆင်းလုပ်ဆောင်နေတဲ့အဖွဲ့တွေကတဆင့် ပြည်သူတွေဆီလှူဒါန်းတာမျိုးပါ “ဟု ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
BGF အနေဖြင့် ငလျင်ဘေးဒဏ်ကြောင့် ဆုံးရှုံးရခြင်းများအပေါ် ဝမ်းနည်းခြင်းအစီအစဉ်များတွင် လိုက်နာဆောင်ရွက်ခြင်းများနှင့် သက်ဆိုင်ရာဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခြင်း၊ ဆုတောင်းခြင်း၊ အလှူအတန်းပြုလုပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိတို့နယ်မြေဒေသတွင် ဘေးမဲ့သက်ပယ် သတ်သတ်လွတ်စားသုံးခြင်းကို တစ်ပတ်တိတိဆောင်ရွက်ကာ မေတ္တာပွားများလျက်ကွယ်လွန်သူများကို အမျှအတန်းပေးဝေခြင်းနှင့် ဘေးဆိုးဒဏ်ဆိုးအပေါင်းမှ ကင်းဝေကြစေရန် ဆုတောင်းခြင်းကို ဆောင်ရွက်ကြမည်ဟု ဖော်ပြထားသည်။