မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော ငလျင်ဒဏ်သင့်ဒေသများသို့ သတင်းမီဒီယာအဖွဲ့အစည်းများကို လွတ်လပ်စွာသတင်းရယူခွင့်ပေးရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ဧပြီ ၁ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ဟိုတယ်၊ ရေနှင့် လျှပ်စစ်မီးအခက်ခဲများကို အကြောင်းပြ၍ နိုင်ငံခြားသတင်းဌာနများကို သတင်းရယူခွင့်ပိတ်ပင်ထားသည်။
ငလျင်ဘေးဒဏ်သင့်ဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ မတ္တရာ၊ နေပြည်တော်၊ တောင်ငူနှင့် အောင်ပန်းစသည့်ဒေသများ၌ အရေးပေါ်ကယ်ဆယ်ရေးကာလမှ ပြန်လည်ထူထောင်ရေးကာလများအထိ သတင်းမီဒီယာများ မြေပြင်ကွင်းဆင်း၍ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်သည် များစွာအရေးကြီးသည်ဟု IPCM က ဆိုသည်။
မှန်ကန်သော သတင်းအချက်အလက်များကို ငလျင်ဒဏ်ခံပြည်သူများနှင့် ကူညီကယ်ဆယ်သူများမှ သိရှိရန် လိုအပ်ပြီး အကူအညီလိုအပ်သူများထံ ရောက် မရောက်နှင့် တာဝန်ခံမှုရှိမရှိတို့ကို သတင်းမီဒီယာများမှ ပံ့ပိုးကူညီပေးနိုင်သည်ဟု
လည်း IPCM ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီသည် သဘာဝဘေးသင့်ဒေသများသို့ သွားရောက်မှတ်တမ်းယူသည့် သတင်းထောက်များကို ဖမ်းဆီးချုပ်နှောင်မှုမှတ်တမ်းများလည်းရှိခဲ့သည်။ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ်သို့ သွားရောက်သတင်းယူခဲ့သော Myanmar Now သတင်းဌာနမှ ဓာတ်ပုံသတင်းထောက်တစ်ဦးသည် မတရားပုဒ်မများဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသည်။
ထို့အပြင် စစ်ကောင်စီအနေဖြင့် ငလျင်လှုပ်ပြီး ၄၈ နာရီကျော်တိုင်အောင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရေးတကြီး လိုအပ်ချိန်တိုင်အောင် ယနေ့အချိန်ထိ ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ ဆက်လက်ပိတ်ဆို့ထားသည်ဟုလည်း Myanmar Internet Project အဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ စစ်ကောင်စီမှ အများပြည်သူ အသက်အန္တရာယ်ကို လျစ်လျူရှုကာ ဆက်သွယ်ရေးလိုင်းများ၊ အင်တာနက်များ ဖြတ်တောက်ခြင်းကို ရှုတ်ချပြီး မည်သည့်ကန့်သတ်မှုများကိုမဆို ချက်ချင်း ရုတ်သိမ်းပေးရန် တောင်းဆိုသည်ဟု မတ်လ ၃၁ ရက်တွင် အရပ်ဘက်အဖွဲ့ပေါင်း ၉၀ မှ လက်မှတ်ရေးထိုးထုတ်ထားပြန်ထားသည်။