ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် ထိုင်းနိုင်ငံမှ ထိုင်းဘုရင် မာဟာ ဝါချီရာလောင်ကွန်း နှင့် မိဖုရားကြီးတို့၏ လှူဒါန်းသော ကူညီထောက်ပံ့ရေးပစ္စည်းများကို ယနေ့ မနက် ၁၀ နာရီတွင် နေပြည်တော်လေဆိပ်၌ သီးသန့်လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆေးဝါး၊ ယာယီတဲများ၊ အစားအသောက်နှင့် အရေးပေါ်ပစ္စည်းများကို ထိုင်းဘုရင့်လေတပ်မှ အထူးလေယာဉ် (၂)စင်းဖြင့် သယ်ဆောင်လာခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ သံအမတ်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်တို့က တာဝန်ယူလက်ခံခဲ့သည်။
ထိုင်းဘုရင်လှူဒါန်းသော ဆေးဘက်ဆိုင်ရာအိတ်များ၊ ယာယီခိုလှုံရန် တဲများ၊ အသင့်စား(ခေါက်ဆွဲခြောက်၊ ဆန်ပြုတ်ဘူး၊ ငါးသေတ္တာ)များ၊ ဓာတ်မီး၊ မီးစက်နှင့် အရေးပေါ်သုံးပစ္စည်းများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (DMC) မှတစ်ဆင့် ဘေးသင့်ဒေသများသို့ အမြန်ဖြန့်ဖြူးပေးသွားမည်ဟု Royal Thai Embassy, Yangon က သတင်းထုတ်ပြန်ထားသည်။
ကိုးကား/ဓါတ်ပုံ – Royal Thai Embassy, Yangon










