အမီးလေး
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် မတ်လ ၂၈ ရက် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အကျဉ်းသူ၊ အကျဉ်းသာ ၁၂ ဦး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက အတည်ပြုပြောသည်။
“အမျိုးသားသေဆုံးမှု အနည်းဆုံးတစ်ဦးရှိခဲ့ပြီးမှ အမျိုးသမီးသေဆုံးမှု နှစ်ဦးလောက်ရှိတယ်။ စုစုပေါင်းတော့ အနည်းဆုံး လေးဦးလောက်တော့ သေဆုံးမှုကို အတည်ပြုပြောဆိုမှုတော့ ရှိတယ်။ ဒါပေမယ့် သေဆုံးမှုတွေဟာ ဒါဟာ အနည်းဆုံးဖြစ်ပြီးတော့မှ အကျဉ်းထောင်ထဲမှာ သေဆုံးမှုတွေဟာ ၁၀ ဦးက နေ ၁၂ ဦးထိ အနည်းဆုံးရှိနိုင်တယ်လို့ စုံစမ်းရရှိမှုတွေပေါ် မူတည်ပြီးမှ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အိုးဘိုထောင်ရှိ အမျိုးသားအဆောင် အလုပ်ရုံပြိုကျခဲ့ပြီး အကျဉ်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အမျိုးသမီးအဆောင် ၁ နှင့် ၂ ပြိုကျခဲ့ပြီး အမျိုးသမီးအကျဉ်းသူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။
အိုဘိုးထောင်တွင် တိုက်အဆောင်များ၊ အလုပ်ရုံများနှင့် အဆောင်များအား ကာရံထားသည့် အုတ်တံတိုင်းများလည်း ပြိုကျခဲ့သည်ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။
ထိုသေဆုံးမှုနှင့် ထိခိုက်မှုများတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု ရှိ၊ မရှိ အတည်မပြုနိုင်သေးကြောင်းနှင့် နေပြည်တော်အကျဉ်းထောင်နှင့် စစ်ကိုင်းတိုင်းအကျဉ်းထောင်တို့အားလည်း ဆက်လက်စုံစမ်းနေသည်ဟု PPNM မှ သိရသည်။