Update အဆိုပါ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့သည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ ဖက်ချဘူရီပြည်နယ် ချာအမ်ကမ်းခြေတွင် ထိုင်းတော်ဝင်တပ်ဖွဲ့၏ လေယာဉ်ငယ် တစ်စီး ယနေ့နံနက် ၈ နာရီဝန်းကျင်တွင် လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့ပြီး ရဲအရာရှိ ငါးဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
အဆိုပါလေယာဉ်ငယ်သည် ဟွာဟင်ခရိုင်၊ ပရခွပ်ခီရီခန် ပြည်နယ်ရှိ ဘိုဖိုင်းလေဆိပ်အနီး ပင်လယ်ထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။
ကနဦး စုံစမ်းစစ်ဆေးချက်များအရ စက်ချို့ယွင်းစဉ် လေယာဉ်သည် ပြည်သူအိမ်ရာများကို ဦးတည်နေခဲ့သော်လည်း လေယာဉ်မှူးများမှ ပြည်သူများ ထိခိုက်သေဆုံးမှု မရှိစေရန် ပင်လယ်အတွင်းသို့ ထိုးဆင်းရန် ရွေးချယ်ခဲ့ကြသည်ဟု ထိုင်းသတင်းဌာန The Standard တွင် ဖော်ပြထားသည်။
ဒဏ်ရာရရှိခဲ့သည့် ရဲတစ်ဦးသည် မျက်နှာ အရိုးကျိုးခြင်း၊ ဝမ်းဗိုက်အတွင်း ရေဝင်ခြင်းစသည့် ဒဏ်ရာများ ရရှိခဲ့ပြီး ဟွာဟင်ဆေးရုံတွင် ကုသမှုခံယူနေသည်ဟု သိရသည်။
ထို့အပြင် သေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ဒဏ်ရရှိသူများ၏ မိသားစုများကို ထောက်ပံ့မှုများ ပေးအပ်ရန်လည်း လေယာဉ်ပျက်ကျသည့် နေရာအား လာရောက်ကြည့်ရှုခဲ့သည့် အမျိုးသားရဲတပ်ဖွဲ့မှူး ရဲချုပ်ကစ်ရက် ဖန်သူဖက်မှ ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။
Photo – The Standard



