အမီးလေး
ကရင်နီပြည်နယ်၊ မော်ချီးဒေသရှိ ခဲခါစက်ရုံအနီးတွင် ဧပြီလ ၂၄ ရက် ညနေ ၃ နာရီကျော်ခန့်၌ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ လေးဦး သေဆုံးသွားသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက အတည်ပြုပြောသည်။
“လူက လေးယောက် သေသွားတယ်။ အပျက်အစီးက တော်တော်လေး ပျက်စီးသွားတယ်။ ခဲလုပ်တဲ့ ခဲခါစက်ရုံ တည့်တည့်ကို ကျတော့ တော်တော်များများ ပျက်စီးသွားတယ်။ လူလည်း ထိခိုက် သေဆုံးများတယ်။ အမျိုးသမီးက နှစ်ယောက်၊ လသားကလေးငယ် တစ်ဦး ပါတယ်။ အမျိုးသားတစ်ဦး ပါမယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ခဲခါစက်ရုံအနီးတွင် ဒေသခံပြည်သူများ ခဲတူးဖော်ရေးနှင့် ခဲဆေးခြင်းများ လုပ်ဆောင်နေချိန် စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးခန့် ရှိသည်ဟု စုံစမ်းသိရသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်တွင်လည်း မော်ချီးဒေသကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့သည်။
ထိုဒေသအား ယခင်က ပြည်သူ့စစ်အဖွဲ့ ဖြစ်သည့် ကြယ်ဖြူ- KNSO ဒေသကာကွယ်ရေးတပ် ထိန်းချုပ်ထားပြီး ၂၀၂၄ ခုနှစ် ဧပြီလမှ စ၍ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ခဲ့သည်။
ကရင်နီပြည်နယ်တွင် မတ်လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကိုးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ငါးဦး သေဆုံးခဲ့သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ- စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများနှင့် ပျက်စီးသွားသည့် မော်ချီးခဲလုပ်ငန်း







