ခင်သရဖီဦး
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက အသေခံ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသက် ၂၈ နှစ် အရွယ် ရွာခံအမျိုးသားတစ်ဦးက ပြောသည်။
ယမန့်နေ့ ဧပြီလ ၂၄ ရက် နေ့လယ်တွင် ကျောက်ဖြူ -ရန်ကုန် ကားလမ်းမဘေးရှိ ရေနံတောင်ကျေးရွာကို စစ်ကောင်စီက အသေခံဒရုန်းဖြင့် သုံးကြိမ်တိုင်တိုင် ဗုံးကြဲချခဲ့သောကြောင့် အသက် ၆၀ အရွယ် သက်ကြီးပိုင်း အမျိုးသမီး တစ်ဦး သေဆုံးကာ အသက် ၇၀ ကျော်အရွယ် သက်ကြီးပိုင်း အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“စျေးဘက်မှာ ကျတော့ နှစ်ဦး ဒဏ်ရာ ရသွားတယ်။ တစ်ဦးက ဆေးရုံးသွားတဲ့ လမ်းမှာ သေသွားတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးသွားသူမှာ ကုလားဘာကျေးရွာမှ ရေနံတောင်ကျေးရွာတွင် စစ်ဘေးရှောင်လာသူ သက်ကြီးပိုင်း အမျိုးသမီး ဖြစ်ပြီး ဒဏ်ရာ ရရှိသွားသူမှာ ရေနံတောင်ကျေးရွာတွင် နေထိုင်သည့် သက်ကြီးပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။
ရခိုင်ပြည်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် တိုက်ပွဲပြင်းထန်ခြင်းမရှိဘဲ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားကာ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ယခု ဧပြီ ၂၃ ရက် တစ်ရက်တည်းတွင် မြန်မာနိုင်ငံ မြို့နယ် ၂၄ ခုတွင် လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ် ပြုလုပ်ခဲ့ပြီး ခုနှစ်ဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် အာရက္ခတပ်တော် AA က ရခိုင်ပြည်တွင် သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် သုံးမြို့သာ ကျန်ရှိနေပြီး အဆိုပါ မြို့များအား စစ်ကောင်စီမှ လက်လွှတ်ဆုံးရှုံးမှု မရှိစေရန် ခံစစ်ဖြင့် ခုခံလျက်ရှိသည်။
ပုံစာ – ဗုံးကြဲခံရသည့် ရေနံတောင်ကျေးရွာမှ ထိခိုက်သေဆုံး ဒဏ်ရာရှိသူများ (Photo- APM)