အမီးလေး
ရှမ်းပြည်နယ်၊ အင်းလေးတွင် ငလျင်ဒဏ်ကြောင့် အရေးပေါ် ရေနှင့် အစားအသောက်များ လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသူ ကိုစိုင်းလူခေးက ပြောသည်။
၎င်းက “အဓိက လိုအပ်နေတာက ရေသန့်တို့၊ အစားအသောက်တို့ အဲဒါတွေ လက်တလော အရေးပေါ်ပေါ့။ ကျနော်တို့ဘက်မှာ အဓိကရင်ဆိုင်နေရတာက ရေလမ်းကြောင်းပြောင်းပြီးတော့ နဂိုရေထွက်တဲ့ဟာတွေက ရေမထွက်တော့ဘူး။ ငလျင်ဖြစ်ပြီးတဲ့ နောက်ပိုင်း ရေထွက်တွေ အကုန်လုံး ခမ်းခြောက်ကုန်တယ်။ အဓိကတော့ သောက်သုံးရေ တော်တော် ခက်ခက်ခဲခဲဖြစ်ကုန်တယ်” ဟု ပြောသည်။
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်သွားသည့် အင်အားအလွန်ပြင်းထန်သော ငလျင်ကြောင့် အင်းလေးရှိ လူနေအိမ် ၂၀၀၀ ကျော် ပျက်ဆီးသွားပြီး သေဆုံးသူ ၈၉ ဦး ရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
လက်ရှိတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရုံးသွားသည့် နေအိမ်များတွင် နေထိုင်ရန် မဖြစ်တော့သဖြင့် လှေပေါ်နှင့် ကျွန်းများတွင် နေထိုင်နေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အများစုက နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးသားချင်းတွေဆီနဲ့ ကျွန်းမျောပေါ်မှာ ကိုယ်ပိုင် လှေတွေနဲ့သာ နေနေကြတာတွေလည်း ရှိပါတယ်။ အင်းဓလေ့အရ တစ်ရွာနဲ့ တစ်ရွာလည်း ကူပေးနေတာမို့ နီးစပ်ရာရွာမှာလည်း တချို့လက်ခံထားပေးတာရှိပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများအား ဒေသခံ ပရဟိတ အဖွဲ့များနှင့် ပြည်သူအချင်းချင်းကသာ ကူညီ လုပ်ဆောင်နေကြရသည်ဟုလည်း သိရသည်။
ပုံစာ – အင်းလေးတွင် မတ်လ ၂၈ ရက် ငလျင်ကြောင့် ပျက်စီးသွားသည့် လူနေအိမ်နှင့် အဆောက်အဦများ




