ယနေ့ နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဖေထုန်တန် ရှင်နာဝတ်ထရာသည် ငလျင်ကြောင့်ပြိုကျသွားသော ထိုင်းနိုင်ငံ စာရင်းစစ်ရုံးအဆောက်အဦနေရာသို့ သွားရောက်ရာတွင် မြန်မာအလုပ်သမား ခေါင်းဆောင်တစ်ဦးက အဆောက်အဦအတွင်း ပိတ်မိနေသူများ အထူးသဖြင့် မြန်မာအလုပ်သမားများကို ရှာဖွေကူညီရန် တောင်းဆိုခဲ့သည်ဟု ထိုင်းသတင်းဌာန Khaosod သတင်းတွင် ဖော်ပြသည်။
အဆိုပါတောင်းဆိုသူသည် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့(WAG) မှ ကိုမုန်တိုင်းဖြစ်သည်ဟု ယင်းနေရာတွင် ရောက်ရှိနေသော မြန်မာလုပ်သားအချို့က အတည်ပြုပြောဆိုသည်။
ဝန်ကြီးချုပ်က သူ့အနေဖြင့် အားလုံးကို အားပေးကူညီနေကြောင်း၊ အားလုံးက အကူအညီများကို အပြည့်အဝ ပေးနေကြကြောင်း၊ ၎င်းတို့သည် မည်သူမည်ဝါဖြစ်သည်ဖြစ်စေ၊ မည်သည့်နိုင်ငံသားဖြစ်သည်ဖြစ်စေ ကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆန်ဆုံး ဆောင်ရွက်နေသည်ဟု ပြန်ပြောခဲ့သည်။
ထိုအမျိုးသားသည် ဒူးထောက်ပြီး ဝန်ကြီးချုပ်အား အလေးမြတ်ပြုခဲ့ရာ ဝန်ကြီးချုပ်က “တစ်ဦးနှင့်တစ်ဦးအတွက် သန်မာစွာနေရန်” ပြောခဲ့သည်။
ဓာတ်ပုံ – Khaosod English


