ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲသည့်အတွက် ရဟန်းတစ်ပါးနှင့် ကျေးရွာသားတစ်ဦး သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
“ဝါးနက်ချွန်ကျေးရွာနားမှာ ကျောက်ချထားတဲ့ နေဗီ (ရေတပ်) ကနေ ဇင်းချောင်းကုန်ဘေရွာကို လက်နက်ကြီးနဲ့ ပစ်လိုက်တယ်လို့ သိရတယ်။ လက်နက်ကြီး သုံးလုံးပစ်ခဲ့တာပေါ့။ တိုက်ပွဲလည်း မရှိနေဘူး။ အဲဒီလက်နက်ကြီးတွေက ကျေးရွာမှာ နှစ်လုံး၊ ဘုန်းကြီးကျောင်းက ဓမ္မာရုံမှာ တစ်လုံး ကျပြီး ပေါက်ကွဲခဲ့တာပါ။ အဲဒီမှာ နှစ်ဦး သေတယ်။ ဓမ္မာရုံကလည်း ပျက်စီးသွားတယ်လို့ သိရတယ်” ဟု အသက် ၂၃ နှစ်အရွယ် ကျောက်ဖြူ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
သေဆုံးသွားသူများမှာ ဇင်ချောင်းကျေးရွာမှ သက်တော် ၃၂ နှစ်အရွယ် ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပြီး အရပ်သားများမှာ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်သည်။
ဒဏ်ရာရရှိသူများတွင် သက်တော် ၇၄ နှစ်ရှိ ဘုန်းတော်ကြီးတစ်ပါးနှင့် ၁၂ နှစ်အရွယ် ကိုရင်တစ်ပါးတို့ ပါဝင်သည်ဟု သိရသည်။ ဒဏ်ရာ ရရှိသူ အရပ်သားအများစုမှာ အခြားကျေးရွာများမှ စစ်ရှောင်လာကြသည့် စစ်ဘေးရှောင်များဖြစ်ကြသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများမှာ နီးစပ်ရာတွင် ဆေးကုသမှု ခံယူနေကြပြီး ဒဏ်ရာ ပြင်းထန်သူများ ပါဝင်နေသည်ဟု အဆိုပါအမျိုးသားက ဆက်ပြောသည်။
“မြေပြင်မှာ ဆေးဝါးလုံ့လောက်မှုကလည်း နည်းတော့ စိုးရိမ်နေကြတယ်။ ခေါင်းမှာ ထိခိုက်ဒဏ်ရာရတဲ့ လူတွေလည်း ရှိတယ်လို့သိရတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ် ကုလဘာကျေးရွာအားလည်း ယမန့်နေ ၃၀ ရက်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်နှင့် ဆိုင်ခန်းတချို့ ပျက်စီးမှုများ ရှိခဲ့သေးသည်။
ပုံစာ – စစ်ကောင်စီ၏ နေဗီမှ လက်နက်ကြီးပစ်ခတ်၍ ထိခိုက်ဒဏ်ရာရသူတစ်ဦး (APM) 
