ခင်သရဖီဦး
ငလျင်ကြောင့် နိုင်ငံတဝန်း ဘေးဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီတပ်က ရခိုင်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ယမန့်နေ ၃၀ ရက်က ကျောက်ဖြူမြို့နယ် ကုလဘာကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ည ၇နာရီအချိန်တွင် ကုဘလာကျေးရွာကို စစ်ကောင်စီက ဒရုန်းတစ်စီးဖြင့် ဗုံးသီးနှစ်လုံး ကြဲချခဲ့သည့်အတွက် နေအိမ်နှင့် ဆိုင်ခန်းတချို့ ပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ဒရုန်းနဲ့ ဗုံးသီး နှစ်လုံး ချခဲ့တာပါ။ နေအိမ်တွေ၊ ဆိုင်ခန်းတွေ လုံးဝ ပျက်စီးသွားတာတွေ ရှိပါတယ်။ လူတွေကတော့ အထိအခိုက် မရှိပါဘူး။ တိုက်ပွဲလည်း မရှိဘဲ သီးသန့်ကြီး ကျေးရွာကို ပစ်ခတ်တိုက်ခိုက်နေတာပါ” ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ကုလဘာကျေးရွာတွင် အိမ်ခြေ တစ်ထောင်ခန့်ရှိပြီး အများစုမှာ ဘေးလွတ်ရာကျေးရွာများသို့ စစ်ဘေးရှောင်နေကြရသည်။
“ကျေးရွာသား အများစုကတော့ ဘေးလွတ်ရာနေရာတွေမှာ စစ်ဘေးရှောင်နေကြတာတွေ ရှိပါတယ်။ အများစုပေါ့လေ” ဟု ကုလဘာကျေးရွာသားတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်သည် ကုလဘာကျေးရွာနှင့် တဆက်တည်း တည်ရှိနေသည့် ပြင်ရှည်ကျေးရွာ၊ မလကျွန်းကျေးရွာ၊ ရွာသစ်ကျေးရွာတို့တွင် တပ်စွဲထားသည်ဟုလည်း သိရသည်။
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့မှာ ကျောက်ဖြူမြို့နယ်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က အနီးအနားရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေသည့်အတွက် ဒေသခံ နှစ်သောင်းကျော်မှာ စစ်ဘေးရှောင်နေကြရသည်။
ပုံစာ – စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည့်အတွက် ကုလဘာကျေးရွာတွင် ပျက်စီးသွားသည့် နေအိမ်နှင့် ဆိုင်ခန်းအချို့ (Photo – APM)


