ယနေ့ မတ်လ ၃၁ ရက် နံနက် ၅ နာရီခွဲကျော်မှ ၆:၂၀ နာရီအတွင်း မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတွင် နာရီ ၆၀ ကျော်ကြာ မြုပ်နေသည့် အသက် ၅ နှစ်အရွယ် ကလေး တစ်ဦးနှင့် အသက် ၂၉ နှစ် အမျိုးသမီးတို့ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။
တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် Ramunion Rescue ကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့သည်ဟု မြန်မာနိုင်ငံ တရုတ်သံရုံးက ထုတ်ပြန်သည်။
ကယ်ထုတ်ချိန်တွင် ကလေး၏ အသက်ရှင် လက္ခဏာများမှာ ကောင်းမွန်ခဲ့ပြီး နှစ်ဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သည်ဟုလည်း သိရသည်။
ယင်းနေ့ ၃၁ ရက် နံနက် ၀၀ နာရီ ၄၀ မိနစ်အချိန်ကလည်း မန္တလေးမြို့ ဂရိတ်ဝေါဟိုတယ်တွင် ပိတ်မိနေသော အမျိုးသမီး တစ်ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်ခဲ့ပြီး ငလျင်ဖြစ်ပွားရာနေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ထားရာတွင်တော့ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ဂရိတ်ဝေါဟိုတယ် ပြိုကျပျက်စီးသည့် နေရာတွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် တရုတ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရုရှားကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာ ၃၁ ရက်၊ ၀၀ ၄၀ နာရီတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးသုံးဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။
ပုံစာ – မန္တလေးမြို့တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသော မြန်မာ၊ တရုတ်နှင့် ရုရှားကယ်ဆယ်ရေးအဖွဲ့ဝင်များ (ဓာတ်ပုံ – မြန်မာန်ိုင်ငံမီးသတ်ဦးစီးဌာန)





