မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသော ပြည်သူများအတွက် အခမဲ့ဖုန်းခေါ်ဆိုခွင့်များနှင့်စာတိုပို့ဆောင်မှုများကို MPT၊ ATOM တို့က ဝန်ဆောင်မှုပေးနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
MPT အနေဖြင့် ငလျင်ဘေးသက်ရောက်ခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ဒေသခံ ပြည်သူများအတွက် ၎င်းတို့၏ မိသားစုများ မိတ်ဆွေများနှင့် အဆက်အသွယ် မပြတ်ရှိစေရန် MPT အချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် ၇၀၀ နှင့် စာတိုပေးပို့ခွင့် (SMS) အစောင် ၇၀၀ ကို ပေးအပ် သွားမည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုများကို တစ်ပတ်တာအတွင်း သုံးစွဲနိုင်မည်ဟု ဖော်ပြထားသည်။
အခြားဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Atom အနေဖြင့် ငလျင်ဘေးကြောင့် အခက်အခဲများဖြင့်ရင်ဆိုင်နေရသော နေရာဒေသများမှ အက်တမ်အသုံးပြုသူများ တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မပြတ်ရှိစေရန် အက်တမ်အချင်းချင်းဖုန်းခေါ်ဆိုခွင့် ၃၀၀ မိနစ်၊ ပြည်တွင်းကြိုက်ရာဖုန်းခေါ်ဆိုခွင့် ၁၀၀ မိနစ်နှင့် ကြိုက်ရာသုံးအင်တာနက် ဒေတာ 1GB ကို အခမဲ့ဝန်ဆောင်မှုပေးထားသည်ဟု ထုတ်ပြန်ထားသည်။
Ooredoo အနေဖြင့်လည်း ငလျင်လှုပ်ခတ်ခဲ့သော မတ်လ ၂၈ ရက်တွင် အော်ရီဒူးချင်း ဖုန်းခေါ်မှုအခမဲ့ဝန်ဆောင်မှုကို ပေးထားခဲ့ပြီး နောင်ရက်များတွင် ဆက်လက်ဝန်ဆောင်မှုပေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ထိုသို့ ဝန်ဆောင်မှုများကို အသီးသီးထုတ်ပြန်နေသောလည်း ငလျင်ဘေးဒဏ်ကို အဓိကကြုံတွေ့နေရသော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် ဖုန်းလိုင်းများပြတ်တောက်ခြင်း၊ လိုင်းမကောင်းခြင်းများကို ကြုံတွေ့နေရသည်ဟု ဒေသခံအများစုက ပြောသည်။
“အဓိကလိုအပ်နေတာက အခမဲ့ပေးသုံးဖို့ဆိုတာထက် လိုင်းမိဖို့ပဲ လိုအပ်တယ်။ ခုက ငလျင်ကတဖက် ဖုန်းလိုင်းမိတဲ့နေရာ လျှောက်ရှာနေရတာက တဖက် ဖြစ်နေတယ်”ဟု မန္တလေးဒေသခံ မမိုးသက်က ပြောသည်။
အဆိုပါ အခမဲ့ဝန်ဆောင်မှုများကို မတ်လ ၂၀ ရက်မှ ဧပြီလ ၅ ရက်အထိ ဝန်ဆောင်မှုပေးထားသည်ဟု အက်တမ်နှင့် MPT တို့က ထုတ်ပြန်ထားသည်။
“ဖုန်းပြောဖို့တောင် ဟိုမကြား ဒီမကြားဖြစ်နေတော့ အင်တာနက်သုံးဖို့က ပိုတောင်ခက်ပါတယ်။ ဒီကြားထဲ VPN က ဟိုဟာချိတ်လည်း မရ၊ ဒီဟာချိတ်လည်းမရ၊ လိုင်းက မကောင်းတော့ ဘာဖြစ်နေမှန်းတောင် သေချာမသိရဘူး” ဟု မန္တလေးတိုင်း၊ အမရပူရဒေသက တစ်ဦးကပြောသည်။
အာဏာသိမ်းကာလအစ ၂၀၂၁ မှစတင်ကာ မြန်မာနိုင်ငံတွင် လူသုံးများနေသည့် Facebook သုံးစွဲမှုကို ထိန်းချုပ်ပိတ်ပင်ခဲ့သဖြင့် ပြည်သူအများစုမှာ VPN သုံးကာ ဖြတ်သန်းခဲ့ရသည်။
၂၀၂၄ မေလ ၃၀ ရက်မှ စတင်ကာ VPN လမ်းကြောင်းများကို အခြေခံပြီး ပိတ်ပင်ရန် အော်ပရေတာများကို ညွှန်ကြားခဲ့သည်ဟု ဒစ်ဂျစ်တယ်အရေးလှုပ်ရှားသူများက ပြောဆိုထားသည်။
အဆိုပါ ပိတ်ဆိုမှုများအခြေအနေကြားမှပင် မြန်မာနိုင်ငံရှိအင်တာနက်အသုံးပြုသူ ၅ ပုံ ၄ ပုံမှာ VPN ကို သုံးစွဲနေရစဲဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။