မတ်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် တိုက်ခိုက်ခဲ့သော ငလျင်ဒဏ်ကြောင့် အရေးပေါ်ကယ်ဆယ်ကုသရေးများလုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ထိုးစစ်များအား ခေတ္တရပ်စဲမည်ဟု ယနေ့ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် မိမိကိုယ်ကို ခုခံကာကွယ်စစ်မှ တပါး ထိုးစစ်များအားလုံးကို မတ်လ ၃၀ ရက်မှ စတင်ကာ ၂ ပတ်ကြာရပ်နားထားမည်ဟု ဖော်ပြထားသည်။
ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ INGOsများ အနေဖြင့် ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အမြန်ဆုံးကူညီဆောင်ရွက်ရန် ဖိတ်ခေါ်တိုက်တွန်းထားသည်ဟု ပါဝင်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများတွင် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ယာယီကယ်ဆယ်ကုသရေးစခန်းများ ဖွင့်လှစ်ရေးတို့ကို တာဝန်ယူပူးပေါင်းဆောင်ရွက်မည့်အပြင် စစ်ကောင်စီထိန်းချုပ်နယ်မြေများဖြစ်သော မြို့ကြီးများတွင် လုံခြုံရေးအာမခံချက်ရှိပါက NUGနှင့် ပူးပေါင်းဆောင်ရွက်နေသည့် CDM ကျွမ်းကျင်ဝန်ထမ်းများ အနေဖြင့် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်ကာ ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
နိုင်ငံအဝှမ်း ငလျင်ဘေးသင့်ပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေရှိ ငလျင်ဘေးသင့် ပြည်သူများအား ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကနဦးတွင် အမေရိကန်ဒေါ်လာ (၁)သန်း လျာထားသုံးစွဲ ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။