မတ်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ များပြားနေချိန်တွင် အွန်လိုင်းမှ လိမ်ညာအလှူခံများ လူမှုကွန်ရက်စာမျက်နှာတွင် ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။
ထိုသို့လိမ်ညာမှုများတွင် ကလေးငယ်များအရေးကူညီဆောင်ရွက်နေသော သရုပ်ဆောင်ခိုင်နှင်းဝေ၏ Facebook ပေ့ချ်ကဲ့သို့သော ဆင်တူပေ့ချ်ဖွင့်ကာ အလှူခံမှုများရှိလာခဲ့သည်။
“ခိုင်နှင်းဝေ ရင်သွေးငယ်များဂေဟာ”ဟုသော အမည်ကို ” “ခိုင်နှင်းဝေ မိဘမဲ့ကလေးများဂေဟာ” ဟု အမည်ဆင်တူရိုးမှားပြုကာ လိမ်ညာ အလှူခံမှုများပြုလုပ်နေသည်ကို တွေ့ရှိရသည်။
ခိုင်နှင်းဝေရင်သွေးငယ်များဂေဟာ Page မူရင်း Page ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး Follower 502K ရှိပြီဖြစ်သည်။
အဆိုပါ မူရင်းPage ကို ဆင်တူယိုးမှားပြုလုပ်ထားသော Page အတု ခိုင်နှင်းဝေမိဘမဲ့ကလေးများဂေဟာ Page ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် ဖွင့်လှစ်ကာ Follower 5.1K ရှိသည်ကို တွေ့ရှိရသည်။
အလှူခံငွေများလိမ်ယူနိုင်မည့် နည်းလမ်းအားဖြင့် မူရင်းပေ့ချ်၏ မှတ်တမ်းတင်ဂုဏ်ပြုလွှာများတွင်ထည့်သွားထားသော ဥက္ကဌ ခိုင်နှင်းဝေ၏ အမည်အောက်တွင် ဖုန်းနံပါတ်များကို ပြောင်းလဲထည့်သွင်းထားသည်။
အဆိုပါနံပါတ်သို့ သံလွင်ခက်က 09676615996သို့ ဆက်သွယ်ရာတွင် အမျိုးသားတစ်ဦးက လက်ခံဖြေဆိုခဲ့ပြီး Page မက်ဆင်ဂျာ(သို့)Viber သို့လာရောက်ဆက်သွယ်ပေးရန် ဖြေဆိုခဲ့သည်။
အဆိုပါ Viber နံပါတ်သို့ ဆက်သွယ်ရာတွင်လည်း သရုပ်ဆောင်ခိုင်နှင်းဝေ၏ ဓါတ်ပုံကို အသုံးပြုကာ အမည်ကို “တမ်းတနေ့စွဲ”ဟု ရေးသားထားခဲ့သည်။
ကပ်ဘေးတစ်ခုအသွင်ကြုံတွေ့နေရသော ငလျင်သက်ရောက်မှုအခြေအနေတွင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့ရသော လိမ်ညာအကောင့်များကို Comment တွင် အများပြည်သူသတိထားမှုစေရန် ရေးသားထားပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။





