
မောင်လှိုင်း
မတ်လ ၂၈ ရက်က လှုပ်ခတ်သွားသည့် ငလျင်ဒဏ်ကြောင့် အထိအနာဆုံးဖြစ်သည့် မန္တလေးမြို့တွင် သေဆုံးသူ ၆၉၄ ဦးအထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၆၄၀ ဦးရှိကာ ပျောက်ဆုံးသူ ၆၈ ဦးအထိ ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ယမန်နေ့က စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ရစ်ချ်တာစကေး ၇.၇ ရှိ အင်းအားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီး နေအိမ် ၁၅၉၁ လုံး၊ ဘုန်းကြီးကျောင်း ၆၇၀၊ စာသင်ကျောင်း ၆၀၊ တံတား သုံးစင်းနှင့် ဘုရားစေတီ ၂၉၀ ဆူတို့ ပျက်စီးခဲ့သည်ဟု စစ်ကောင်စီမှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့ လူနေအိမ်များ ထိခိုက်ပျက်ဆီးခြင်းကြောင့် မြို့ခံများသည် လမ်းများပေါ်တွင် ထွက်ကာ အိပ်နေရသည်ဟုလည်း သံလွင်ခက်မှ ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့သည့် မန္တလေးမြို့ခံများက ပြောသည်။
ထို့အပြင် ငလျင်ဒဏ်ကြောင့် လျှပ်စစ်မီးများပြတ်တောက်သွားခြင်းနှင့် ရေပြတ်တောက်သွားခြင်းများကြောင့် မန္တလေးမြို့ခံများ အရေးပေါ်စားနပ်ရိက္ခာများ ခက်ခဲလာနိုင်သည်ဟု သိရသည်။
“ကျွန်တော့်အိမ်က အိမ်ဈေးဆိုင်ဖွင့်ထားတာဆိုတော့ အခုကို လာဝယ်ကြတာ ဘာညာနဲ့ ကြက်ဥတို့၊ ခေါက်ဆွဲခြောက်တို့ များတာပေါ့။ တချို့မုန့်ဆိုင်တွေမှာလည်း တန်းစီပြီး ဝယ်နေကြတာ။ ငလျင်က နေ့ခင်းပိုင်းက ဖြစ်သွားတာဆိုတော့ တချို့ညနေမှစရောင်းတဲ့ ထမင်းကြော်ဆိုင်တို့ ဟင်းဆိုင်လေးတွေတို့ မဖွင့်တဲ့အခါကျ ရှိတဲ့ဆိုင်တွေမှာ တစ်နေတာမျိုးတွေ ဖြစ်တယ်ဗျ” ဟု မန္တလေးမြို့နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
မတ် ၂၉ ရက်တွင် အစားအသောက်နှင့် ရေများအား ၎င်းတို့၏ ဆိုင်တွင် အခမဲ့ လာရောက် ယူနိုင်ကြောင်း မန္တလေးတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်အချို့မှ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။
ယင်းအပြင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နေခြင်းနှင့် လူနာများ များပြားခဲ့ကြောင့် ဆေးရုံ၊ ဆေးခန်းများတွင် လူနာများကို လက်မခံနိုင်ခြင်းကြောင့် ပြင်ဦးလွင်ဆေးရုံသို့ သွားရောက်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
မန္တလေးမြို့တွင် လက်ရှိအချိန်အထိ ပိတ်မိနေသူများ ရှိနေသေးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက်လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟုလည်း သိရသည်။
လက်ရှိတွင် ငလျင်ဒဏ်သင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး၊ ပဲခူးနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့အား အရေးပေါ် အခြေအနေအဖြစ် စစ်ကောင်စီက မတ်လ ၂၈ ရက်တွင် ကြေညာထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၀၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၃၇၅ ဦးနှင့် ပျောက်ဆုံးသူ ၃၀ အထိ ရှိသည်ဟု စစ်ကောင်စီက မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီ ၁၂ မိနစ်တွင် သတင်းထုတ်ပြန်ထားသည်။
မတ်လ ၂၉ ရက် နံနက်ပိုင်းတွင်လည်း နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ခတ်မှုများရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပုံစာ – ငလျင်ကြောင့် ပြိုကျခဲ့သော မန္တလေး Sky Villa Condo (Photo – CJ)