တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ မတ်လ ၂၉ ရက် မနက် ၇:၁၀ နာရီတွင် ရောက်ရှိလာသည်ဟု တရုတ်သံရုံး ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီရန်အတွက် ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့လည်း ဖြစ်သည်။
ကယ်ဆယ်ရေးအဖွဲ့သည် ပျက်စီးဆုံးရှုံးမှုများသော နေပြည်တော်သို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဟု သိရသည်။
အဆိုပါ ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ အသက်ကယ်ကိရိယာ (Life detector) များ၊ ငလျင်ကြိုတင်သတိပေးစနစ် (Earthquake early warning system) များ၊ ခရီးဆောင်ဂြိုလ်တု (portable satellite) များနှင့် ဒရုန်းများ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၁၁၂ စုံသယ်ဆောင်လာသည်ဟုလည်း သံရုံးက ထုတ်ပြန်ထားသည်။
မတ်လ ၂၈ ရက် နေ့လယ်က မြန်မာနိုင်ငံတွင် ရစ်ခ်ျတာစကေး ၇.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ အပါအဝင် နေရာအများအပြားတွင် အသေအပျောက်နှင့် အိုးအိမ်ပစ္စည်း ဆုံးရှုံးမှုများစွာ ရှိခဲ့သည်။
မနေ့ကစ၍ လက်ရှိအချိန်အထိ မြန်မာလူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပြည်သူများက ကူညီကယ်ဆယ်ရေးများကို လုပ်ဆောင်နေဆဲဖြစ်ကာ ပစ္စည်းကိရိယာ လိုအပ်ချက်များရှိနေသည်ဟု မြေပြင်သတင်းများအရ သိရသည်။



