ရှမ်းပြည်နယ်၊ တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုအား မတ်လ ၂၃ ရက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ဖမ်းဆီးထားသည်ဟု သတင်း ထုတ်ပြန်လိုက်သည်။
မိုင်းရှူးမြို့နယ်၊ မန်ကျောင်းကျေးရွာအုပ်စု တောတွင်းတစ်နေရာတွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားများနှင့်အတူ လိမ်လည်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းမိခဲ့ကြောင်း SSPP/SSA က ထုတ်ပြန်ထားသည်။
ထို့အပြင် ဖမ်းဆီးရရှိထားသော ကျားဖြန့်ငွေလိမ်ဂိုဏ်းတွင် အသုံးပြုထားသည့် ဖုန်းများ၊ iPad များ၊ ကွန်ပြူတာများနှင့် Starlink ဂြိုလ်တုလက်ခံစက်များကို ဓါတ်ပုံများဖြင့် ဖော်ပြထားသည်။
လက်ရှိတွင် ဖမ်းဆီးရရှိထားသည့် တရုတ်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးမည်ဖြစ် ကြောင်း SSPP/SSA မှ ထုတ်ပြန်ထားသည်။
SSPP/SSA ထိန်းချုပ်ထးသည့် နယ်မြေများတွင် နေထိုင်သများအနေဖြင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်မှာ သတိပေးထားသည်။ ထို့အပြင် ပါဝင်ပတ်သက်မှုများအား တွေ့ရှိပါက ထိရောက်စွာ ဖမ်းဆီးအရေး ယူသွားမည်ဟုလည်း ဖော်ပြထားသည်။
ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှ အစပျိုးခဲ့ခြင်း ဖြစ်ပြီး ယင်းဂိုဏ်းများ နှိမ်နင်းခံရပြီးနောက်တွင် မြဝတီအနီးတဝိုက်တွင် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
ယခု မြဝတီအနီးတဝိုက်ရှိ ကျားဖြန့်ငွေလိမဂိုဏ်းများအား အင်တိုက်အားတိုက် နှိမ်နင်းနေသည့် အချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြန်လည်ပေါ်ထွက်လာခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ မြဝတီအနီးတဝိုက်က ကျားဖြန့်လုပ်ငန်းတွေဆီကနေ ကယ်ထုတ်ထားသူ ၈၀၀၀ ကျော်အထိ ရှိပြီး ဆက်လက်လုပ်ကိုင်နေသူ တစ်သိန်းကျော်အထိ ရှိကြောင်း သတင်းများထွက် ပေါ်နေသည်။
ပုံစာ – SSPP/SSA မှ ဖမ်းမိထားသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများနှင့် အိုင်တီပစ္စည်းများအား တွေ့ရစဉ်




