သန္တာဖြူ
ပြည်သူများအား ကြိုတင်အသိပေးခြင်းမရှိဘဲ ရန်ကုန်မြို့တွင် မတ်လ ၂၄ ရက်မှစတင်၍ တစ်ရက်လျှင် လျှပ်စစ်မီး ၈ နာရီကြာ ဖြတ်တောက်လိုက်ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများထံမှ သိရသည်။
ယခုလ အစပိုင်းတွင် အုပ်စု အေ၊ ဘီ နှစ်ခု ခွဲကာ မီးပေးမည့် အချိန်ဇယားများအား ရန်ကုန်လျှပ်စစ်ဓါတ်အား ပေးရေး ကော်ပိုရေးရှင်း (YESC) မှ ထုတ်ပြန်ထားသော်လည်း မတ်လ ၂၄ ရက်မှစတင်၍ အုပ်စု အေ၊ ဘီ၊ စီ အုပ်စု သုံးစုခွဲကာ တစ်စုလျှင် ၈ နာရီကြာ မီးပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓါတ်အား ပေးရေးကော်ပိုရေးရှင်း – ရန်ကင်းမှ ထုတ်ပြန်လိုက်သည်။
ထိုသို့ ပြည်သူများအား ကြိုတင်အသိပေးခြင်းမရှိဘဲ မီးဖြတ်တောက်လိုက်ခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူများမှ ဆိုသည်။
“တစ်ရက် နှစ်ရက်တော့ ကြိုကြေငြာပေးလေဗျာ၊ အခုဟာက မနက်၉နာရီလာမယ်ထင်လို့ ထမင်းက ခုထိမချက်ရသေးဘူး။” ဟု ဆိုရှယ်မီဒီယာသုံးစွဲသူတစ်ဦးမှ မှတ်ချက်ပြုထားသည်။
ယင်းသို့ အုပ်စု သုံးစုခွဲပြီး မီးပေးမည်ဟုထုတ်ပြန်ထားသော်လည်း အချိန်ဇယားအတိုင်း မှန်ကုန်တိစွာပေးခြင်းမရှိဘဲ လျှပ်စစ်မီးမှာ ပျက်ချင်သလိုပျက်ပြီး လာချင်သလိုလာနေကြောင်း မြောက်ဒဂုံတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးမှ ပြောသည်။
“မီးက လာရမဲ့ အချိန်လည်း လာတာမဟုတ်ဘူး။ ကျွန်မတို့ အိမ်မှာက ကလေးတွေရှိတယ်လေ။ ကလေးတွေက ပူတဲ့ အချိန်ဆို မအိပ်နိုင်တော့ ညဘက်တွေ ပန်ကာဖွင့်လို့ရအောင် ဆိုလာတပ်ထားရတယ်။ ထမင်းဟင်းကတော့ ဂတ်စ်နဲ့ ချက်ရတယ်။ လျှပ်စစ်မီးမမှန်တော့ ပိုက်ဆံက ပိုကုန်တာပေါ့။” ဟု အဆိုပါ အမျိုးသမီးမှ ပြောသည်။
မြန်မာတစ်နိုင်ငံလုံးအတွက် တရက် လျှပ်စစ်ဓါတ်အား လိုအပ်ချက်မှာ ၄၄၀၀ မဂ္ဂါဝပ် ဖြစ်သော်လည်း ၂၂၀၀ မဂ္ဂါဝပ်ကိုသာ ဖြန့်ဖြူးနိုင်ကြောင်း YESC မှ ဇန်နဝါရီလဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။
ထိုသို့ လိုအပ်ချက်၏ တစ်ဝက်ခန့်ကိုသာ ဖြန့်ဖြူးနိုင်သည့်အပြင် မြန်မာတစ်နိုင်ငံလုံး၏ ဓါတ်အားလိုအပ်ချက် မှာလည်း နှစ်စဉ် ၉ ရာခိုင်နှုန်းခန့် တိုးလာသည်ဟု ဆိုသည်။
ယင်းသို့ နှစ်စဉ် ဓါတ်အားလိုအပ်ချက် မြင့်မားနေခြင်းကြောင့် ၂၀၁၈ ခုနှစ် အရပ်သားအစိုးရလက်ထက်တွင် သဘာဝဓါတ် ငွေ့ရည် (LNG) ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် နိုင်ငံခြားရင်းနှီးမြှုပ်မှုများအား ခွင့်ပြု ပေးခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် သာကေတ ဓါတ်အားပေးရုံမှ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့သည်။
သို့သော် အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သည့် အဆိုပါ သဘာဝဓါတ် ငွေ့ရည် (LNG) ဖြင့် ဓါတ်အားပေးသည့်လုပ်ငန်းများ ထွက်ခွာသွားခဲ့သည်။
ပုံစာ – ရန်ကုန်မြို့အတွက် မီးပေးအချိန်ဇယား


