![]()
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ DKBA ထိန်းချုပ်နယ်မြေအတွင်း ဖွင့်လှစ်ထားသော အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းခွင်တစ်ခုကို ယနေ့နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူပေါင်း ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ မတ်လ ၁၃ ရက် နံနက်ပိုင်းတွင် အဆိုပါ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာနေရာသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးကုသရေးဌာနများသို့ အရေးပေါ် ပို့ဆောင်ထားရကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက “ဒီမနက်ပစ်တာ လူတွေ အများကြီးထိကြတယ်။ အခုပဲ လူနာတွေ ထပ်ဝင်လာနေတုန်းပဲ” ဟု သံလွင်ခက်ကို ပြောသည်။
လက်ရှိရရှိထားသော အချက်အလက်များအရ ဒဏ်ရာရရှိသူ အရေအတွက်မှာ ၄၀ ကျော်အထိ ရှိနေပြီး ၎င်းတို့အနက် စိုးရိမ်ရသည့် လူနာများလည်း ပါဝင်နေကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ကျားဖြန့်လုပ်သားအချို့ သေဆုံးမှုရှိနိုင်သည်ဟု သိရသော်လည်း အရေအတွက် အတိအကျကို အတည်ပြုရန်ကြိုးစားဆဲဖြစ်သည်။

ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ စစ်ကော်မရှင်ဘက်ကသော်လည်းကောင်း၊ DKBA ဘက်ကသော်လည်းကောင်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
ပုံဟောင်း – ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် DKBA က ကျားဖြန့်လုပ်ငန်းခွင်အတွင်းရောက်ရှိနေသူများအာ ထိုင်းလုံခြုံရေးတပ်ဖွဲ့များထံလွှဲပြောင်းပေးခဲ့စဉ် ( ၂၀၂၅/ ဖေဖော်ဝါရီ ၁၂ )
