![]()
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဒေသဖြစ်သော ထိုင်းနိုင်ငံ၊ Sa Kaeoခရိုင်တွင် ကောလ်စင်တာ (Call Center) ဂိုဏ်းများ လိမ်လည်ရာ၌ အသုံးပြုသည့် တရားမဝင် ဖုန်းလိုင်းလွှင့်ထုတ်သော ဆင်းမ်ဘောက်စ် (SIM Box)များ တပ်ဆင်အသုံးပြုနေသည့် အိမ်ငှားတစ်လုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း သိမ်းဆည်းခဲ့သည်ဟု ယနေ့ (မတ်လ ၃ ရက်)တွင် သတင်းထုတ်ပြန်သည်။
ယမန်နေ့(မတ်လ ၂ ရက်)ညနေပိုင်းတွင် ခရိုင်ရဲတပ်ဖွဲ့သည် အမှတ် (၁၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BPP 12)နှင့် ဘူရဖာ (Burapha)အထူးတပ်ဖွဲ့တို့ ပူးပေါင်းကာ အရညပရထစ်(Aranyaprathet)မြို့နယ်၊ ထာ့ခမ် ကျေးရွာအုပ်စု၊ ကျေးရွာအမှတ်(၃)ရှိ အိမ်ငှားတစ်လုံးကို ရှာဖွေခွင့်ဝရမ်းဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု Sa Kaeoခရိုင် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ကျတုရဖတ် ဆင်ဟတ်စထိ(Pol. Col. Chaturaphat Singhasathit)က ပြောဆိုသည်။

ပူးပေါင်းအဖွဲ့များ ဝင်ရောက်စစ်ဆေးချိန်တွင် အဆိုပါ အိမ်ငှားအတွင်း၌ အင်တာနက်ချိတ်ဆက်ကာ အသင့်အသုံးပြုနေသည့် တစ်ကြိမ်လျှင် ဆင်းမ်ကတ် (၆၄) ခုအထိ ထည့်သွင်းနိုင်သော SIM Box (၄) လုံး၊ အမြန်နှုန်းမြင့် အင်တာနက် Router၊ UPSနှင့် လုံခြုံရေးကင်မရာ(CCTV)များကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ စက်ပစ္စည်းများသည် ကောလ်စင်တာဂိုဏ်းများက ပြည်သူများထံ ဖုန်းခေါ်ဆို၍ လိမ်လည်ရာတွင် ၎င်းတို့၏ မူရင်းဖုန်းနံပါတ်ကို ဖုံးကွယ်ရန်အတွက် အသုံးပြုခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။
အိမ်ရှင်ကို ကနဦး စစ်ဆေးမေးမြန်းချက်များအရ အဆိုပါအခန်းကို လာရောက်ငှားရမ်းသူမှာ ဘန်ကောက်မြို့မှ အသက် (၅၄) နှစ်အရွယ်ရှိ နိုင်စုဖချိုင်း (Nai Suphachai)ဆိုသူဟု သိရှိရပြီး ဝင်ရောက်ရှာဖွေချိန်တွင် ၎င်းမှာ အခန်းအတွင်း မရှိခဲ့ဘဲ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။

လက်ရှိတွင် တာဝန်ရှိသူ ထိုင်းအာဏာပိုင်များက သက်သေခံပစ္စည်းများအား သိမ်းဆည်းကာ အဆိုပါ တရားခံနှင့် ၎င်း၏နောက်ကွယ်မှ ကွန်ရက်များကို ဥပဒေအရ အရေးယူနိုင်ရေးအတွက် ခလောင်လွတ် (Khlong Luek)မြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးအပ်ထားသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့် အစိုးရအရာရှိများဟု အမည်ခံကာ ဆက်သွယ်လာသော သူစိမ်းဖုန်းနံပါတ်များ ပါရှိပါက ငွေမလွှဲမီ သေချာစွာ စိစစ်ကြရန်လည်း ထိုင်းရဲတပ်ဖွဲ့က အထူးသတိပေး နှိုးဆော်ထားသည်။
