ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလဟာကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့ နံနက် ၂နာရီ ၂၃ မိနစ်၌ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ရိုးမ(၂)စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်သည်။
တိုက်ပွဲ ၄ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီက လေယာဥ်ပစ်ကူများ၊ လက်နက်ကြီးများ၊ စစ်ကူများဖြင့် အပြင်းအထန် ခုခံခဲ့သည်။
ဒေသခံတစ်ဦး “လက်နက်ကြီးတွေက ညထဲက တောက်လျှောက်ပစ်နေတာ၊ ကင်းစခန်းအကုန်ကနေ ၊ မနက်အစောပိုင်းကြတော့ လေယာဉ်ပါလာတယ်“ ဟုပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂)ဦး သေဆုံးခဲ့ပြီး (၁၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး G-3 (၁)လက်၊ လက်နက်ငယ်ကျည်များနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟုထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ရပြီး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရှိခဲ့သည်။
အဆိုပါ တိုက်ပွဲကို ဗျူဟာ(၂၅)၊ တိုင်းစစ်ဌာန(ပဲခူး)၊ စစ်ဆင်ရေးနယ်မြေ(၂)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Worrior Column၊ အထူးကွန်မန်ဒိုတပ်ရင်းနှင့် KNLA တပ်ရင်း(၉) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ပုံစာ – ပြီးခဲ့သည့်မတ်လ ၈ ရက်တွင် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အစပ်ရှိ သပြေညွန့်စခန်းကို သိမ်းပိုက်နောက် သိိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ ( ပုံ / အဟောင်း )
ဓာတ်ပုံ – ရိုးမ (၂) စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း