မြဝတီမြို့အနီးရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများသို့ ပို့ဆောင်မည့် တရားမဝင် Starlink ဂြိုလ်တုလက်ခံစက် ၃၈ လုံးကို မဲဆောက်မြို့ နယ် စစ်ဆေးရေးဂိတ်မှာ ထိုင်းနယ်ခြားစောင့် အထူးတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည်ဟု မတ် ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ချင်းမိုင်မှ မဲဆောက်သို့ တရုတ်နိုင်ငံသားတစ်ဦးမောင်းနှင်လာသည့် Isuzu pickup ကားအား စစ်ဆေး ရာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများသို့ ပို့ဆောင်မည်ဟု သံသယရှိသည့် ဂြိုလ်တု လက်ခံစက် ၃၈ လုံးကို တွေ့ရှိခဲ့သည်ဟု ထိုင်းအာဏာပိုင်များမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ tarlink ဂြိုလ်တုလက်ခံစက် ၃၈ လုံးအား သယ်ဆောင်လာသည့် တရုတ်နိုင်ငံသားအား တရားမဝင် ဆက်သွယ်ရေးပစ္စည်း သယ်ဆောင်မှုနှင့် ဖမ်းဆီးထားကာ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ် အနီးတဝိုက် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့်ဟု သံသယရှိသည့် နယ်မြေ ၅ ခုအား ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီ သယ်ယူခွင့်များကို ထိုင်းအစိုးရမှ ရပ်ဆိုင်းလိုက်သည်။
ယင်းသို့ ကန့်သတ်လိုက်ပြီးနောက် ကျားဖြန့်လုပ်ငန်းများတွင် အင်တာနက်ရရှိရန် Starlink ဂြိုလ်တုလက်ခံ စက်များကို အသုံးပြုမှု ပိုမိုမြင့်မားလာသည်။
ထိုပြင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ ဆိုလာ၊ ဖုန်းနဲ့ဆက်စပ်ပစ္စည်းများနှင့် Starlink ဂြိုလ်တုလက်ခံ စက်များ သယ်ယူခွင့်ကိုလည်း ထိုင်းအာဏာပိုင်များမှ ကန့်သတ်ထားသည်။
ထိုင်းအစိုးရ၊ မြဝတီမြို့ အနီးတဝိုက်အား ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတို့ ပူးပေါင်း၍ ကျားဖြန့်လုပ်ငန်းများတွင် ရောက်ရှိနေသည့် နိုင်ငံခြားသားမျာအား သက်ဆိုင်ရာ နိုင်ငံများသို့ နေ့စဉ် ပို့ဆောင်လျှက်ရှိပြီး လက်ရှိအချိန်ထိ နိုင်ငံခြားသား ၅၀၀၀ ကျော်အားပို့ဆောင်ပြီးဖြစ်သည်။
ပုံစာ – ဖမ်းဆီးရရှိသည့် Starlink ဂြိုလ်တုလက်ခံစက် ၃၈ လုံး အား စစ်ဆေးနေစဉ်




