အမီးလေး
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာဘုန်းကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရနှင့် ဒကာကိုစိုင်းပီတို့အား သတ်ဖြတ်ခဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပျားစစ်ကြောင်းအား အရေးယူပေးပါရန် သျှမ်းလူငယ်အဖွဲ့အစည်း ၁၇ ဖွဲ့က မတ်လ ၂၃ ရက်နေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ NUG အား တောင်းဆိုလိုက်သည်။
ပျားစစ်ကြောင်းအနေဖြင့် သတ်ဖြတ်ခဲ့ကြောင်းဝန်ခံပြီး ဖြစ်သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိသေးသည့်အပြင် ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖ အနေဖြင့် ပျားစစ်ကြောင်း၏ သတ်ဖြတ်မှုသည် မှန်ကန်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်းထောက်ခံသည့်လက်မှတ်များအား ဒေသခံပြည်သူများထံမှ ကောက်ခံနေကြောင်း သျှမ်းကျောင်းသား သမဂ္ဂမှ တာဝန်ရှိသူ ယိင်းမွေလျန်းက ပြောသည်။
“ကျူးလွန်တဲ့သူတွေကို အရေးယူပေးဖို့ရယ်၊ ပြီးတော့ NUG အနေနဲ့ ကိုယ့်အောက်က တချို့ ပလဖတွေ လုပ်ရပ်တွေကိုထိန်းသိမ်းပေးဖို့လိုချင်တာရယ်၊ နောက်တခုက ပြည်သူတွေရဲ့ လုံခြုံရေးကို စိုးရိမ်တာကြောင့် အဲအတွက် တာဝန်ယူပေးဖို့တောင်းဆိုတာပါ။ အဓိကတော့ ကျူးလွန်တဲ့သူတွေကို ထိုက်တန်တဲ့ ပြစ်မှုဖြစ်စေချင်တယ်။ တော်လှန်ရေးကာလမှာ ဘယ်သူပဲဖြစ်စေ လက်နက်မဲ့ပြည်သူတွေကို မသတ်သင့်ဘူးလို့မြင်တယ်။” ဟုဆိုသည်။
ထိုသို့ လက်နက်ကိုင်တပ်များမှ လက်နက်မရှိသည့် ပြည့်သူများအား သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ခြင်းကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ စစ်ဥပဒေနဲ့ အညီအရေးယူပေးရန် NUG အား တောင်းဆိုထားသည်။
ထို့အပြင် အမှုမှန် မပေါ်ပေါက် သရွေ့ ဒေသခံများ၏ လုံခြုံရေးအတွက် ပျားစစ်ကြောင်း၏ လက်နက်များအား သက်ဆိုင်ရာအာဏာပိုင်များမှ သိမ်းဆည်းထားရန်လည်း တောင်းဆိုထားသည်။
မတ်လ ၄ ရက်နေ့တွင် ပျားစစ်ကြောင်းအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဆရာတော်မှာ အသက်တော် ၄၈ နှစ်မျှသာ ရှိသေးပြီး ၎င်းနှင့်အတူ သေဆုံးသူ ဒကာကို စိုင်းပီမှာလည်း အသက် ၄၀ အရွယ်ခန့် သာရှိသေးသည်။
ပျားစစ်ကြောင်းအနေဖြင့် ဆရာတော်သည် စစ်ကောင်စီတပ်၏ ထောက်တိုင်ဖြစ်ခြင်းကြောင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု မတ်လ ၉ ရက်နေ့တွင် ဝန်ခံခဲ့သည်။
ပုံစာ – သတ်ဖြတ်ခံရသည့် ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရ