မတ်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန်ရွှေဆိုင်အား သေနတ်ပြကာ ဓါးပြတိုက်ခဲ့သော လူငယ်လေးဦးအား မွန်းလွဲပိုင်းအချိန်၌ ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
တိတ်ရှိန်ရွှေဆိုင်၏ ပိုင်ရှင်ဖြစ်သူ မမြတ်သဥ္ဇာမိုးနှင့် ဝန်ထမ်းအမျိုးသမီး ၇ ဦးမှာ ဆိုင်ဖွင့်လှစ်ရန်ပြင်ဆင်နေစဉ် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အဆိုပါလူငယ်လေးဦးသည် ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီးနောက် သေနတ်ပြခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများယူဆောင်ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
လုံခြုံရေးအဖွဲ့အစည်းများက စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် ၎င်းတို့ ထွက်ပြေးသွားစဉ် စီးနင်းခဲ့သော အငှားယာဉ်နံပါတ်ကို ခြေရာခံပြီးနောက် ကျူးလွန်သူများတည်းခိုနေသည့် ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ Casa Myanmar Hotel အခန်းအမှတ် ၃၀၁ တွင် ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖမ်းဆီးမှုတွင် တိတ်ရှိန်ရွှေဆိုင်အား ဓါးပြတိုက်လုယက်ခဲ့သော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နေ အသက်၁၈ နှစ်အရွယ်၊ လင်းသန့်အောင်၊ သထုံမြို့နယ်နေ အသက် ၂၀ အရွယ် သက်ထူးဇင်၊ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်နေ အသက် ၁၉ နှစ်အရွယ် ကောင်းခန့်သူရ(ခ)ဝသုန်နှင့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်နေ အသက် ၁၉ နှစ်အရွယ် မင်းခန့်ကို(ခ)ဖိုးကာတို့အား သက်သေပစ္စည်းများနှင့် တကွဖမ်းဆီးရမိခဲ့သည်ဟု ပါဝင်သည်။
လူငယ်လေးဦးအားစစ်ဆေးရာတွင် ကျူးလွန်ရာ၌ ကိုင်ဆောင်ခဲ့သော ကော်သေနတ်တစ်လက်၊ သံဖြတ်လွှတစ်ချောင်းနှင့် တိတ်ရှိန်ရွှေဆိုင်မှာ ယူဆောင်ခဲ့သည့် ရွှေလက်ကောက်မျိုးစုံ ၅၁ ကွင်း၊ ရွှေလက်စွပ်မျိုးစုံ ၃၇ ကွင်း၊ အလေးချိန် ၂၀ ကျပ်သားခန့်(တန်ဖိုး မြန်မာကျပ်ငွေ သိန်း ၁၂၀၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ လေးဦးအား ပန်းဘဲတန်းမြို့မရဲစခန်းတွင် (ပ)၃၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ ဥပဒေနှင့်အညီအရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။