မောင်လှိုင်း
တရုတ်ဘာသာဖြင့် ဂျုံကျန့်ဝေ့ (中剑卫) အမည်ရှိသည့် တရုတ်လုံခြုံရေးကုမ္ပဏီသည် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း One Belt One Road တို့အပါအဝင် တရုတ်လုပ်ငန်းများ၏ လုံခြုံရေးကို အာမခံနိုင်ရေးအတွက် တရုတ် – မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီနှစ်ခု တည်ထောင်ခဲ့သည်ဟု ၎င်းတို့က ထုတ်ပြန်ထားသည်။
အဆိုပါ တရုတ်လုံခြုံရေးကုမ္ပဏီ China Sword Group (CSG) သည် မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန် ပထမဦးဆုံးအခြေစိုက်လာသည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် မြန်မာနိုင်ငံတဝှမ်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အကောင်အထည်ဖော်နေသည့် နယ်မြေများကိုလက်လွတ်ဆုံးရှုံးပြီးနောက်တွင် ရင်းနှီးမြှုပ်နှံမှုများကိုကာကွယ်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဥပဒေကို ပြဌာန်းခဲ့သည်။
ထိုသို့ စစ်ကောင်စီမှ ကြေညာပြီး တစ်လနီးပါအကြာ မတ်လ ဒုတိယပတ်တွင် တရုတ်လူမှုကွန်ယက် စာမျက်နှာ Wechat မှတဆင့် တရုတ်လုံခြုံရေးကုမ္ပဏီ CSG က မြန်မာနိုင်ငံတွင် တရားဝင်အခြေစိုက် လာမည်ဟု ထုတ်ကြေညာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ CSG သည် မြန်မာနိုင်ငံတွင် ပြည်ပပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီအဖြစ် စစ်ကောင်စီမှ ပထမဦးဆုံးခွင့်ပြုချက် ရရှိထားသော တရုတ်လုံခြုံရေးကုမ္ပဏီ တစ်ခုဖြစ်သည်။
ယင်း တရုတ်ပြည်ပပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွင် မြန်မာနိုင်ငံရှိ စစ်တပ်နှင့် အထူးရဲ (SWAT) တပ်ဖွဲ့များမှ အငြိမ်းစားယူထားသည့် လုံခြုံရေးကျွမ်းကျင်သူ ဝန်ထမ်း ၂၀၀၀ ကျော်ပါရှိသည်ဟုလည်းဆိုသည်။
ယင်းအပြင် ဥရောပ – အမေရိကန်အထူးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံတကာလုံခြုံရေးကုမ္ပဏီများမှ အတွေ့အကြုံရှိသည့် ဝန်ထမ်းများပါရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၊ ပစ္စည်းခိုးယူမှုများ၊ ဝန်ထမ်းများ၏လုံခြုံရေးနှင့် အခြားများပြားသော အန္တရာယ်များနှင့် ရင်ဆိုင်နေရခြင်းများအတွက် ၎င်းတို့ကုမ္ပဏီအားငှားရမ်းနိုင်သည်ဟုလည်း ထုတ်ဖော်ပြောဆို ထားသည်။
ထို့အပြင် ၎င်းတို့ထုတ်ပြန်သည့် ထုတ်ပြန်ချက် ဓာတ်ပုံများတွင် သယ်ယူပို့ဆောင်ရေး ဟယ်ရီကော်ပတာများ၊ စစ်လက်နက်ပစ္စည်းများနှင့် စစ်သုံးသံချပ်ကာယာဉ်များကိုလည်း ထုတ်ဖော်ပြသထားသည်။
တရုတ်လုံခြုံရေးကုမ္ပဏီသည် စစ်ကောင်စီ၏ လက်နက်ဝယ်ယူခြင်းနှင့် အသုံးပြုခြင်းလိုင်စင်များကို ရရှိထားသောကြောင့် နယ်စပ်ဖြတ်ကျော် လက်နက်ပစ္စည်းများဝယ်ယူခြင်းနှင့် နယ်စပ်ဖြတ်ကျော်သယ်ယူပို့ ဆောင်ခြင်းများကိုလည်း ရရှိသည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ CSG လုံခြုံရေးကုမ္ပဏီသည် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများတွင် လုံခြုံရေးပေးခဲ့သည့်မှာ ၁၀ နှစ် ကျော်ကြာမြင့်ပြီဖြစ်ခြင်းကြောင့် ဒေသတွင်းဆိုင်ရာ လုံခြုံရေးအခြေအနေများကို အချိန်နှင့် တပြေးညီ ကြိုတင်မှန်းဆပြီး အသိပေးနိုင်သည်ဟု ဆိုသည်။
လက်ရှိ စစ်ရေးပဋိပက္ခ မြင့်တက်နေသည့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအား ကာကွယ်ပေးနိုင်ရန် တရုတ်လုံခြုံရေး ၂၅ ဦးသည် ကျောက်ဖြူမြို့သို့ ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂၇ ရက်က ရောက်ရှိလာခဲ့သည်ဟု BBC သတင်းဌာနက ဒေသခံများနှင့် စစ်ကောင်စီတပ်နှင့် နီးစပ်သူများကို ကိုးကား၍ ဖော်ပြထားသည်။
ပုံစာ – တရုတ်လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်သည့် China Sword Group မှ ထုတ်ပြန်သည့် လူမှုကွန်ယက်စာမျက်နှာတွင်လုံခြုံရေး စစ်သားများနှင့် စစ်သုံးပစ္စည်းများကို တွေ့မြင်ရပုံ (ဓာတ်ပုံ – CSG)