ခင်သရဖီဦး
စစ်ကောင်စီက ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ ကျေးရွာ ၃ ရွာအား ယနေ့ မတ်လ (၂၂) နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သည့်အတွက် လူနေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း တချို့ ပျက်စီးသွားခဲ့ကြောင့် သိရသည်။
“ ည ၂နာရီလောက်မှာ ဂျက်စပျံတာပေါ့လေ။ ပေါက်တောက သဲခုံနဲ့ မင်းတဲရွာ ကို ပေါင်း ၅၀၀ ဗုံး နှစ်လုံးချခဲ့ တယ်လို့ သိရတယ်။ နောက်ပြီး နံနက် ၈နာရီကျော်မှာလည်း ကျော်ဇံရွာကို ဗုံး ၃ ခေါက် လာပစ်တယ်လို့ သိရတယ်။ ” ဟု ဆိုသည်။
ယနေ့ နံနက် ၂နာရီခွဲခန့်တွင် ပေါက်တောမြို့နယ်၊ သဲခုံရွာ စာသင်ကျောင်းနှင့် ၂နာရီ ၄၀ မိနစ်တွင် မင်းတဲရွာ ဘုန်းကြီး ကျောင်းတို့အား လည်းကောင်း၊ နံနက် ၈ နာရီကျော်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံရွာအနီး ဝန်းကျင်အား ဗုံး ၃ကြိမ် ကြဲချခဲ့ကြောင်း AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ပေါက်တောဖက်မှာတော့ လူအထိအခိုက်တော့မရှိဘူးပေါ့လေ။ ရွာသားတွေက စစ်ရှောင် နေကြရတော့။ ပုဏ္ဏားကျွန်းဖက်မှာတော့ လူအထိအခိုက်တော့ မသိသေးဘူး။ နေအိမ်တွေတော့ ပျက်စီးသွားတယ်လို့ သိရတယ်။ ” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီသည် ၎င်းထိန်းချုပ်ထားသည့် စစ်တွေမြို့နယ်ရှိ အခြေစိုက် တပ်စခန်းများနှင့် တပ်ခွဲများမှ ပေါက်တောမြို့ ၊ ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့များရှိ ကျေးရွာများအား မကြာခဏ လက်နက်ကြီးများ လှမ်းပစ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲခြင်းများ လုပ်ဆောင်နေသည်။
ထိုကြောင့် ယင်းဒေသများအား AA မှ ထိန်းချုပ်ထားနိုင်သော်လည်း လက်ရှိအချိန်ထိ မိမိနေရပ်သို့ မပြန်နိုင် သေးဘဲ စစ်ရှောင်နေရဆဲဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် AA တို့ စစ်တွေတွင် ထိတွေ့တိုက်ပွဲများ ရပ်တန်နေသော်လည်း စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်မှုများ ရှိနေသည်။
ပုံစာ – မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာ၌ နေအိမ်တချို့ ပျက်စီး သွားသည့်ကို တွေ့ရစဥ် (Photo APM)