အမီးလေး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာရှိ ကျန်းမာရေးဆေးခန်းအား မတ်လ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးခန်းရှိ ဆရာဝန်မိသားစုနှင့် ကလေးငယ်များ၊ ဆေးခန်းလာပြသူများအပါအဝင် အပြစ်မဲ့ပြည်သူ ၁၁ ဦး ထိခိုက်သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံအမျိုးသားတစ်ဦးက “အဲဒီမှာက ကျေးလက်ဆေးပေးခန်းဖွင့်ထားတာ၊ ယော ဒေသဘက်ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်လာတဲ့အခါမှာ သူတို့တွေ ပြောင်းရွှေ့ဖို့အတွက် သူတို့လည်း စီစဉ်နေတာ။ နောက်ပြီးတော့ သူတို့ဆေးကုသနေချိန်မှာပဲ လေယာဉ်ဗုံးကြဲခံလိုက်ရတာပေါ့။ ၁၁ ဦး သေသွားတယ်။ ကလေး ငါးဦးပါတယ်၊ဆရာဝန်မိသားစုရဲ့ ကလေးတွေလည်း ပါတယ်” ဟုပြောသည်။
ထိခိုက်သေဆုံးသွားသည့် ဆရာဝန်မှာ ဒေါက်တာမြစိုးအောင်နှင့်ကိုယ်ဝန်ဆောင်ဇနီး ဒေါ်ခိုင်နှင်းဝေတို့ ဖြစ်ကြပြီး အခြားဒေသမှ လာရောက်ကာ ကျန်းမာရေးဝန်ဆောင်မှု ပေးနေသူဖြစ်သည်ဟု သိရသည်။
ဆေးပေးခန်းအား ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်လေယာဉ်သည် မန္တလေးတိုင်း၊ မိတ္ထီလာမှ ပျံသန်းလာသည့် လေယာဉ်ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသခံ ခြောက်ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အလယ်ဘန်းကျေးရွာအားလည်း မတ်လ ၂၀ ရက်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူ လေးဦး သေဆုံးခဲ့ရသည်။ ထိုလေးဦးမှာ ကျောင်းသူ နှစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၂၇ ဦးရှိခဲ့သည်ဟု သိရသည်။
ပုံစာ – စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ဆရာဝန်မိသားစုနှင့် ပျက်စီးသွားသည့် ဆေးပေးခန်း




