မြဝတီ-မဲဆောက်နယ်စပ်နှင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂) ကို မြန်မာနိုင်ငံဘက်မှ ကြိုတင်အသိပေးခြင်းမရှိဘဲ ဩဂုတ်လ ၁၈ ရက်တွင် ပိတ်လိုက်သည့်အတွက် ထိုင်းကုန်စည်အများအပြား နယ်စပ်စစ်ဆေးရေးဂိတ်တွင် သောင်တင်ပိတ်မိလျက်ရှိသည်ဟု The Nation သတင်းတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြားရာတွင် မြန်မာပြည်မမှ တာဝန်ရှိသူများက ကုန်စည်တင်သွင်းမှုများကို စစ်ဆေးခြင်းနှင့် တရားမဝင်ကုန်သွယ်မှု နှိမ်နင်းရေး ကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်နေသောကြောင့် နယ်စပ်ကို ယာယီပိတ်ပြီး စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် မော်တော်ယာဉ်များနှင့် ကုန်တင်ကားအများအပြား စစ်ဆေးရေးဂိတ်တွင် ပိတ်မိနေခြင်းဖြစ်သည်။ ရန်ကုန်မြို့ရှိ ထိုင်းကုန်သွယ်ရေးစင်တာက ပြည်တွင်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို မေးမြန်းစုံစမ်းမှုများအရ နယ်စပ်ဂိတ်ကို ဩဂုတ်လ ၂၁ ရက်ဝန်းကျင်တွင် ပြန်လည်ဖွင့်လှစ်ရန် မျှော်လင့်ရသည်။
ထို့အပြင် မြန်မာနိုင်ငံက သွင်းကုန်လိုင်စင်များကို ပိုမိုတင်းကျပ်စွာ စစ်ဆေးခြင်းအပါအဝင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အစီအမံများကို တင်းကြပ်သွားမည်ဟုလည်း သိရသည်။ “နယ်စပ်မှာ ကြန့်ကြာနေတဲ့ ထိုင်းကုန်စည်တွေရဲ့ လက်ငင်းပြဿနာကို ဖြေရှင်းဖို့ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာကုန်သွယ်ရေးသံမှူးနဲ့ တွေ့ဆုံဖို့ ကျနော် ညွှန်ကြားထားပါတယ်” ဟု ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောသည်။
“ဒါ့အပြင် မြန်မာနိုင်ငံထဲကို ဝင်ရောက်မယ့် ထိုင်းကုန်စည်အားလုံးဟာ မြန်မာ့စည်းမျဉ်းတွေနဲ့အညီ သွင်းကုန်လိုင်စင် လိုအပ်မှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
လက်ရှိတွင် ထိုင်းနှင့်မြန်မာနိုင်ငံအကြား ချင်းရိုင်၊ တာ့ခ်၊ ကန်ချနဘူရီနှင့် ရနောင်းတို့တွင် စစ်ဆေးရေးဂိတ် ၆ ခု၊ ချင်းရိုင်၊ ချင်းမိုင်၊ မဲဟောင်ဆောင်နှင့် ရနောင်းတို့တွင် ကုန်သွယ်မှုလွယ်ကူချောမွေ့ရေး စစ်ဆေးရေးဂိတ် ၁၃ ခု၊ ပရာကျွတ်ခီရီခန်ရှိ ဆင်းခွန်တွင် အထူးကုန်သွယ်ရေးဂိတ် တစ်ခုနှင့် ကန်ချနဘူရီရှိ ဘုရားသုံးဆူတောင်ကြားတွင် ယာယီခရီးသွားနယ်စပ်ဂိတ် တစ်ခု အပါအဝင် ပြည်နယ် ၇ ခုတွင် နယ်စပ်ဂိတ် ၂၁ ခု ရှိနေသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိကာလအတွင်း ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ ဘတ် ၁၀၅.၁၄ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၄.၉၁% ကျဆင်းခဲ့သည်။ ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ဘတ် ၆၃.၅၇ ဘီလီယံ ရှိခဲ့ပြီး ၁၆.၃၆% ကျဆင်းခဲ့ကာ သွင်းကုန်မှာ ဘတ် ၄၁.၅၇ ဘီလီယံ ရှိပြီး ၃၅.၀၇% ကျဆင်းခဲ့သည်။ ထိုင်းနိုင်ငံဘက်မှ ကုန်သွယ်ရေးပိုငွေ ဘတ် ၂၁.၉၉ ဘီလီယံ ရရှိခဲ့သည်။
အကောက်ခွန်စစ်ဆေးရေးဂိတ်များအလိုက် ခွဲခြမ်းကြည့်ပါက တာ့ခ်ခရိုင်ရှိ မဲဆောက်နယ်စပ်ဂိတ်သည် ကုန်သွယ်မှုတန်ဖိုး အမြင့်ဆုံးဖြစ်ပြီး ဘတ် ၄၅.၃၇ ဘီလီယံ (၉.၇၁% ကျဆင်း)၊ ကန်ချနဘူရီရှိ ဆန်ခဘူရီဂိတ်က ဘတ် ၃၂.၄၀ ဘီလီယံ (၃၃.၂၇% ကျဆင်း)၊ ရနောင်းအကောက်ခွန်ဂိတ်က ဘတ် ၁၈.၁၉ ဘီလီယံ (၁၂.၂၃% ကျဆင်း) နှင့် ချင်းရိုင်ရှိ မယ်ဆိုင်အကောက်ခွန်ဂိတ်က ဘတ် ၈.၀၆ ဘီလီယံ (၄၇.၁၃% ကျဆင်း) အသီးသီးရှိခဲ့သည်။
ပရာကျွတ်ခီရီခန်ဂိတ်က ဘတ် သန်း ၃၀၀ (၉၃.၉၄% ကျဆင်း)၊ မဲဟောင်ဆောင် အကောက်ခွန်ဂိတ်က ဘတ် ၆၉၈ သန်း (၂၆၆.၃၅% တိုးတက်) နှင့် ချင်းမိုင်ရှိ မဲစာရီယန်းဂိတ်က ဘတ် ၁၀၄ သန်း (၃၅% တိုးတက်) အသီးသီး စာရင်းများ ရှိခဲ့သည်။ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ မြန်မာနိုင်ငံ၏ ပိုမိုတင်းကျပ်လာသော သွင်းကုန်လိုင်စင်စစ်ဆေးမှုများကြောင့် နှစ်နိုင်ငံကုန်သွယ်မှုအပေါ် ဖိအားများ ဖြစ်ပေါ်စေခဲ့သည်။
၎င်းသည် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး စုစုပေါင်း၏ ၄၀% နီးပါးရှိသော မဲဆောက်အကောက်ခွန်ဂိတ်နှင့် ၂၀% နီးပါး အစဉ်တစိုက်ရှိနေသော ရနောင်းအကောက်ခွန်ဂိတ်အပေါ် သိသာသော သက်ရောက်မှု ရှိခဲ့သည်။ လက်ရှိတွင် မြဝတီ-မဲဆောက် နယ်စပ်ဂိတ် ပိတ်သိမ်းမှုသည် အခြားဂိတ်များကို သက်ရောက်မှုမရှိသေးဘဲ မဲဆောက်နှင့် ရနောင်း အကောက်ခွန်ဂိတ်များသာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
မဲဆောက်သည် မြဝတီနှင့် ရန်ကုန်သို့ တိုက်ရိုက်ဆက်သွယ်ထားပြီး ရနောင်းသည် မြန်မာနိုင်ငံရှိ ကျောက်ဖြူဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်းဖြင့် ဆက်သွယ်ထားကာ ထိုမှတစ်ဆင့် ရန်ကုန်နှင့် အခြားအဓိကဆိပ်ကမ်းများသို့ ကုန်စည်များ ဖြန့်ဖြူးသည်။ သို့သော် အခြေအနေဆက်လက်ရှည်ကြာပါက ထိုင်းပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့၏ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ပြောင်းလဲပြီး အခြားစစ်ဆေးရေးဂိတ်များကို အသုံးပြုရန် လိုအပ်လာနိုင်သည်။
ထို့အပြင် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်မှရငွေများရရှိရန်နှင့် သွင်းကုန်လိုင်စင်များရရှိရန်အတွက် အလားအလာရှိသော မြန်မာမိတ်ဖက်များကို ရှာဖွေရန် တိုက်တွန်းထားသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကုန်သွယ်ရေးတည်ငြိမ်မှုကို မြှင့်တင်ရန်နှင့် စာရွက်စာတမ်းခွင့်ပြုချက်နှင့်ဆက်စပ်သော အန္တရာယ်များကို လျှော့ချရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်နေကြသည်။
သတင်း – The Nation