ဘွဲ့ရဝန်ထမ်း တစ်ယောက်ဖြစ်တဲ့ မနှင်းနှင်းဟာ CDM ကာလ နှစ်နှစ်ကျော်တဲ့အထိ အလုပ် တစ်ခု လိုအပ်နေပေမယ့် ကျပန်းအလုပ်လုပ်ဖို့အတွက်တော့ အဆင်သင့် ဖြစ်မနေခဲ့ပါဘူး။
“ကျပန်းအလုပ်ကျတော့ ခေတ်ကာလနဲ့ အမျိုးသမီး တစ်ယောက်တည်းလည်း ဖြစ်တော့ မလုပ်နိုင်ဘူး။ လုပ်လည်း မလုပ်ဖူးဘူး” ဟု သူက ပြောပါတယ်။
တစ်ဘက်မှာတော့ စားဝတ်နေရေးအတွက် အလုပ် တစ်ခုက မရှိမဖြစ် လိုအပ်လာပါတယ်။ အစိုးရဝန်ထမ်းဖြစ်ခဲ့တဲ့ မနှင်းနှင်းဟာ အရင်အချိန်တွေက နိစ္စဓူဝ ရုံးဆင်း ရုံးတက် ရုံးလုပ်ငန်းတွေနဲ့ အချိန်ကုန်လာခဲ့ရသူပါ။
စစ်တပ်အာဏာသိမ်းတာကို လက်မခံနိုင်လို့ နိုင်ငံအနှံ့က အစိုးရဝန်ထမ်း အလွှာစုံဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM မှာ ပါဝင်ခဲ့ကြပါတယ်။ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ ဆောက်လုပ်ရေးဌာန၊ မီးရထားဌာန၊ စွမ်းအင်ဌာန စတဲ့ ဌာနဆိုင်ရာက ဝန်ထမ်းအများအပြား CDM လုပ်ခဲ့ကြပါတယ်။
အဲဒီထဲက တစ်ယောက်အပါအဝင် ဖြစ်တဲ့ မနှင်းနှင်းဟာ နှစ်နှစ်နီးပါးအကြာမှာတော့ သူရှေ့ဆက်ရမယ့် အခြေအနေနဲ့ စားဝတ်နေရေးအတွက် စိတ်ပူပန်မှုတွေ ရှိလာပါတယ်။
စစ်ကောင်စီတပ်ကလည်း CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးတာ၊ လုံခြုံရေး ခြိမ်းခြောက်တာနဲ့ ရပ်တည်လို့ မရအောင် မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ခွင့် မပြုတာ၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာ CDM တွေကို အလုပ်မခန့်ဖို့ တားမြစ်တာတွေ လုပ်ဆောင်ထားပါတယ်။
CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ လုပ်ရပ်ကို လက်မခံနိုင်လို့ အလုပ်မသွားရာကနေ အလုပ်ထုတ်ခံရလို့ ပထမဆုံး အလုပ်လက်မဲ့ ဖြစ်ခဲ့ပါတယ်။ နောက်တစ်ဆင့်မှာတော့ ပေးထားတဲ့ ဝန်ထမ်းအိမ်ရာတွေကနေ မောင်းချ၊ နှင်ထုတ်တဲ့အတွက် နေစရာမရှိတဲ့ ဘဝကိုပါ ရောက်ကြရပါတယ်။
ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် အင်တိုက်အားတိုက် ပါဝင်လာတဲ့ မနှင်းနှင်းတို့လို ဝန်ထမ်းတွေဟာ နှစ်နှစ်နီးပါးအကြာမှာတော့ အမေ့လျော့ခံဘဝကို ရောက်ရှိသွားပြီလားဆိုတဲ့ အတွေးတွေကလည်း သူ့အတွက် ခြောက်လှန့်စရာ ဖြစ်နေပါတယ်။
သူဟာ အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်က ကုန်သွယ်ရေးနဲ့ ထုတ်လုပ်ရေးဌာန အမြဲတမ်း ဝန်ထမ်းတစ်ယောက်အဖြစ် လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက အလုပ်လုပ်ကိုင်ခဲ့သူတစ်ယောက်ပါ။
အရင်တုန်းက ဝန်ထမ်း လိုင်းခန်းမှာ သူ့ မိဘနှစ်ပါး၊ ခင်ပွန်းဖြစ်သူတို့နဲ့ အတူ နေထိုင်ခဲ့ပြီး ဘဝဟာ အပူအပင်မရှိ အဆင်ပြေခဲ့တယ်လို့ ဆိုပါတယ်။ နေစရိတ်အတွက် မပူပင်ရတဲ့ မနှင်းနှင်းတို့ မိသားစုအတွက် သူနဲ့ခင်ပွန်းဖြစ်သူရဲ့ ဝင်ငွေဟာ မိသားစုအတွက် ပိုလျှံခဲ့ပါသေးတယ်။
စစ်တပ်က အာဏာသိမ်းမှုကိုတော့ မနှင်းနှင်း လက်မခံနိုင်ခဲ့ပေမယ့် ပထမရက်သတ္တပတ်မှာ ရုံးကို စိတ်မပါဘဲ သွားခဲ့ပါသေးတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်မှာတော့ မနှင်းနှင်းနဲ့အတူ ဝန်ထမ်း ငါးဦးဟာ ရုံးမတက်ဘဲ ရုန်းထွက်ခဲ့ကြပါပြီ။
CDM မှာ ပါဝင်ခဲ့တဲ့ သူ့ ဆုံးဖြတ်ချက်ကြောင့် ဖေဖော်ဝါရီလထဲမှာပဲ လိုင်းခန်းကနေ ဖယ်ပေးလိုက်ရပါတယ်။ သူ့အနေနဲ့ CDM လမ်းကို ရွေးချယ်ရင်း အခုလို ကြုံတွေ့ရမယ်ဆိုတာ သိသိရက်နဲ့ အတားအဆီးတွေကြားထဲကနေ ရွေးချယ်ခဲ့ရတာလို့ မနှင်းနှင်းက ဆိုပါတယ်။
“ကျွန်မ ယောင်္ကျားကရော၊ အဖေကပါ တားတယ်။ CDM လုပ်လိုက်မယ်ဆိုရင် လိုင်းခန်းကနေ ဖယ်ပေးရလိမ့်မယ်နော် ဆိုပြီးပြောတယ်။ အဲဒီအချိန်က မီးရထားဝန်ထမ်းတွေ စပြီး အဖယ်ခံရပြီလေ။ ကျွန်မလည်း ပထမတစ်ပတ်ကတော့ ရုံးသွားလိုက်သေးတယ်။ ဒါပေမယ့် အလုပ်က လုံးဝ လုပ်လို့ မရဘူး။ အဲဒါနဲ့ နောက်တစ်ပတ်ကျတော့ ရုံးစမသွားတော့ဘူး။ ကျွန်မ ခဏ ရှောင်နေလိုက်တယ်။ နောက်ရက်ကျတော့ ဖယ်ပေးဖို့ စာရောက်လာတာနဲ့ ကျွန်မ မိဘတွေ လိုင်းခန်းကနေ စပြောင်းခဲ့ရတယ်” လို့ မနှင်းနှင်းက ဆိုပါတယ်။
CDM လုပ်လို့ နေ့ချင်း ညချင်း နေစရာ ပျောက်သွားတဲ့အတွက် မနှင်းနှင်းဟာ မိဘ နှစ်ပါးကို မျက်နှာပူခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလို ပြောင်းရွှေ့ပြီးတဲ့နောက် မနှင်းနှင်း ကိုယ်တိုင် မိဘတွေနဲ့ စိတ်အေးစွာ မနေခဲ့ရပါဘူး။ မကြာခဏဆိုသလို ရှောင်တိမ်း နေထိုင်ခဲ့ရပါတယ်။
“ဌာနမှာတော့ CDM စာရင်းတွေ လာကောက်သွားပြန်ပြီ။ ရှောင်နေလိုက်ဦးဆိုရင် ရှောင်ရပြန်ပြီ။ ပထမတစ်နှစ်ကတော့ အဲဒီလိုပဲ ကုန်သွားခဲ့တာ” လို့ သူက ပြောပါတယ်။
CDM လုပ်လို့ လိုင်းခန်းကနေ ဖယ်ပေးလိုက်ရတဲ့ မနှင်းနှင်းတို့မိသားစုကို ကူညီသူ တစ်ဦးက ၆ လစာ နေထိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ မိသားစုစားဝတ်နေရေးကိုတော့ မနှင်းနှင်းရဲ့ ခင်ပွန်းဖြစ်သူရဲ့ ဝင်ငွေနဲ့ ဖြေရှင်းခဲ့ရပါတယ်။
“ကျွန်မ လိုင်းခန်းကနေ စဆင်းလာခဲ့ရတော့ CDM ကူညီတဲ့ အဖွဲ့အစည်းတွေ၊ ဘာတွေဆိုတာ မရှိသေးဘူး။ ဒါပေမယ့် အသိမောင်လေးတစ်ယောက်က ကျွန်မတို့ မိသားစုကို ၆ လလောက် အိမ်မှာ ခေါ်ထားပေးခဲ့တယ်။ ကြာတော့လည်း အားနာစရာဖြစ်တယ်လေ။ ကျွန်မတို့ ပထမက နေရာ တစ်နေရာကို ပြောင်းတယ်။ သိပ်မကြာဘူး။ အဲဒီထက် ဈေးသက်သာတဲ့ နေရာကို ထပ်ပြောင်းလိုက်တယ်” လို့ သူတို့ ဖြတ်သန်းခဲ့ရပုံကိုဆိုပါတယ်။
CDM လုပ်ပြီး တစ်နှစ်ကျော်အကြာမှာတော့ စားဝတ်နေရေးနဲ့ နေထိုင်စရိတ်အတွက် အလုပ် မရှိတော့တဲ့ မနှင်းနှင်းမှာ အကြွေးတွေ ရှိလာပါတယ်။ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေလည်း ရောင်းချခဲ့ရပြီး ဖြေရှင်းခဲ့ပေမယ့် အခုထိ အကြွေးတွေက ရှိနေဆဲပါ။
မနှင်းနှင်းအနေနဲ့ CDM လုပ်ပြီး တစ်လအကြာမှာ လွှတ်တော်အမတ် တစ်ယောက်က ထောက်ပံ့တဲ့ တစ်လစာ အထောက်အပံ့ရရှိခဲ့ပါတယ်။ အဲဒီကစလို့ အခုအချိန်ထိ ဘာအထောက်အပံ့မှ ထပ်မရတော့ပါဘူးလို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကနေ CDM တွေရဲ့ စာရင်းကောက်ခံတာကိုလည်း စာရင်းပေးခဲ့ပေမယ့် NUG ဆီက ဘာအထောက်အပံ့မှ မရခဲ့ဘူးလို့လည်း အတည်ပြု ပြောပါတယ်။
နီးစပ်ရာ အသိမိတ်ဆွေတွေဆီက ဆန်၊ ဆီ အစားအစာတွေအထောက်အပံ့ တချို့တော့ ရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“လွှတ်တော်အမတ်က မြို့နယ်ထဲက CDM လုပ်တဲ့ သူ စာရင်းကောက်တယ်။ အစိုးရလစာ တစ်လစာ ထောက်ပံ့မယ်ဆိုပြီးကြားတာနဲ့ ကျွန်မ စာရင်းပေးလိုက်တယ်။ တကယ်လည်း ရတယ်။ မှတ်မှတ်ရရ ဘဝမှာ အဲဒီတစ်ခါပဲ။ နောက်တော့ သူတို့လည်း ဘယ်ကို ပြေးရ၊ ပုန်းရလည်း မသိပါဘူး။ ဘာသံမှ မကြားရတော့ဘူး” လို့ ပြောပါတယ်။
CDM လှုပ်ရှားမှုကို ပညာရေးဝန်ထမ်း နှစ်သိန်းလေးသောင်း ဝန်းကျင်အထိ ပါဝင်ခဲ့ပေမယ့် အဲဒီထဲက နှစ်ရာခိုင်နှုန်းကိုပဲ ငွေကြေးထောက်ပံ့နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေး ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက မီဒီယာတွေကို ဝန်ခံတာတွေ ရှိခဲ့ပါတယ်။
NUG နဲ့ နီးစပ်သူ တစ်ဦးကတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအချိန်ကြာလာတာနဲ့အမျှ CDM တွေကို ထောက်ပံ့ရေးထက် စစ်ရေးပိုင်းမှာ ဘဏ္ဌာရေးကို ပိုသုံးနေရတယ်လို့ ဆိုပါတယ်။
“တော်လှန်ရေးကလည်း ကြာလာပြီပေါ့။ တော်လှန်အစိုးရဖြစ်နေတဲ့အတွက် နောက်ပိုင်းမှာ CDM တွေကို ထောက်ပံ့ဖို့ထက် လက်နက်တပ်ဆင်ရေးပေါ့။ စစ်ရေးအသုံးစရိတ်တွေကို ပိုသုံးနေကြရတယ်။ နောက်တစ်ခုက တစ်နိုင်ငံလုံးက CDM တွေဆီ အထောက်အပံ့ ရောက်ဖို့ဆိုတာကလည်း အခက်အခဲတွေ အများကြီး ရှိနေတာပေါ့ ။စစ်ကောင်စီကလည်း ဒါတွေကို စောင့်ကြည့်နေတယ်ဆိုတာ အားလုံး အသိပဲလေ” လို့ သူက ရှင်းပြပါတယ်။
နိုင်ငံတကာကနေ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီမျိုးတွေ မရနိုင်ဘဲ CDM ဝန်ထမ်းတွေ အားလုံးကို ကူညီပေးနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေရဦးမှာဖြစ်တယ်လို့ အခုနှစ် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။
အာဏာသိမ်း နှစ်နှစ်နီးပါး ရောက်လာတဲ့အချိန် CDM အချို့ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေပြီး အချို့က အလုပ်လက်မဲ
နေဆဲ၊ အချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် ကျပန်းအလုပ်တွေ လုပ်ကိုင်နေခဲ့ကြရပါတယ်။
မနှင်းနှင်းနဲ့အတူ CDM လုပ်ခဲ့သူတွေကလည်း အခုချိန်အထိ Non CDM ပြန်မလုပ်ကြပေမယ့် ဈေးထဲမှာ ရရာအလုပ် ဝင်လုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ သူက ဆိုပါတယ်။
“ကျွန်မတို့ ဌာနက အတူတူ CDM လုပ်ခဲ့တဲ့ လင်မယားနှစ်ယောက်ဆို အခု အတော်လေး ခက်ခဲနေကြတယ်။ ဈေးထဲမှာ သူတို့တွေ အခု ငါးခြောက်ခေါင်းခြွေနေရတယ်။ သူတို့ ဘဝတွေဆို လုံးဝ ပျက်သွားတာ။ ဒါပေမယ့် အခုထိ သူတို့ ရုံးပြန်မတက်ကြဘူး။ တချို့တွေ အဆက်အသွယ် မရတော့ဘူး။ ဘယ်တွေ ရောက်နေကြလဲတောင် မသိရတော့ဘူး” လို့ပြောပါတယ်။
ဒီလိုနဲ့ စီဒီအမ် ဝန်ထမ်းတွေဟာ အလုပ်အကိုင် ရရှိရေး ဆက်တိုက် ကြိုးစားလာပေမယ့် ကန့်သတ်ချက်တွေကလည်း ထင်ထားတက်ပင် ဆိုးရွားလို့နေပါတယ်။
ဖားအံမြို့ရှိ စားသောက်ဆိုင်ကြီးတစ်ခုမှာ အလုပ် သွားလျှောက်ခဲ့တဲ့ ပညာရေးဝန်ထမ်းတစ်ဦးကို CDM လုပ်ထားလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်မပေးခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါဝယ်။
“အကြပ်အတည်းကာလမှာ ဝင်ငွေ မရှိဘူးဆိုတော့ အလုပ်သွားလျှောက်မယ်ဆိုပြီး သွားတော့ CDM ဆိုရင် သူတို့က လက်မခံ ဘူးတဲ့။ သူတို့ပြောတာက ကိစ္စတစ်ခုခုဖြစ်လာရင် ရှုပ်ကုန်မယ်တဲ့။ တခြား ရေရာတိကျတဲ့ အဖြေတော့ မပေးဘူး” လို့ အလုပ်သွားလျှောက်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် အချို့သော လုပ်ငန်းတွေက အလုပ်လျှောက်ရာမှာ ရဲစခန်းထောက်ခံစာ မပါရင် အလုပ်မခန့်တာတွေရှိလို့ အလုပ်ရဖို့ခက်ခဲတဲ့ အကြောင်းရင်းတွေလည်း များစွာ ရှိနေပါတယ်။
“ဖားအံက ပုဂ္ဂလိကကျောင်းတစ်ခုမှာ ဝန်ထမ်း ခေါ်သေးတယ်။ CDM သမားဆိုရင်တော့ သူတို့ လက်မခံဘူး။ အစစ်ဆေး ဝင်ရင် ရှုပ်လို့တဲ့၊ တာဝန်မယူနိုင်ဘူးလို့ ပြောတယ်။ တချို့အလုပ်က ရဲထောက်ခံစာ တောင်းတယ်။ CDM သမားတွေက ရဲထောက်ခံစာ သွားယူလို့ အဆင်မပြေဘူးလေ” လို့ စီဒီအမ် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် နိုင်ငံစီးပွားရေးကျဆင်းနေချိန်မှာ စစ်တပ်က အာဏာသိမ်းခဲ့လို့ နိုင်ငံတွင်းမှာ အလုပ်အကိုင်အခွင့် အလမ်းတွေလည်း ပိုမိုကျဆင်းခဲ့ပါတယ်။
ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုတွေကြောင့် ပြည်ပသွားရောက်လုပ်ကိုင်လိုပေမယ့် CDM တွေဟာ တရားဝင်နိုင်ငံကနေ ထွက်ခွာခွင့်ရဖို့ အဆင်မပြေပါဘူး။
ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကို တွန်းလှန်နေရချိန် စစ်အာဏာသိမ်းမှုကို ရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ အတွင်း အလုပ်သမား ၁ ဒဿမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
CDM လုပ်ခဲ့တဲ့အတွက် နေစရာ ပျောက်ခဲ့သလို စားဝတ်နေရေးအခက်အခဲတွေ ဖြစ်လာချိန်မှာတော့ မနှင်းနှင်းအပါအဝင် ဝန်ထမ်းတချို့ဟာ ရွေးချယ်ခဲ့တဲ့ လမ်းကို အားမလို အားမရ ဖြစ်လာပါတယ်။
ဒီအကြောင်းတွေကို ရှင်းပြနေတဲ့ မနှင်းနှင်းက “ကျွန်မတို့ မျက်ရည်တွေကို သုတ်ပေးမယ့် အစီအစဉ်များ ဘယ်သူတွေမှာ ရှိနေမလဲလို့” မဝံမရဲ မေးရှာပါတယ်။