ပုလဲ ထွေအုပ်ရုံးနှင့် ရဲစခန်း လက်နက်ကြီးနဲ့အပစ်ခံရ
***********************
နန်းဆုပန်ခန့်
ဒီဇင်ဘာ ၂၃၊ ၂၀၂၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ရှိ မြို့နယ်ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ည ၈ နာရီခွဲခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့ဝင်များက ပြောသည်။
မြို့နယ်ထွေအုပ်ရုံးနှင့် ရဲစခန်းကို တစ်ညတည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် တစ်နာရီခန့်ရှိသည်ဟု သခင်ဒေါင်းညိုအဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ လက်ပစ်ဗုံးနဲ့လည်းပစ်တယ်။ လက်နက်ကြီး ၆၀မမ၊ ၈၀ မမတွေနဲ့ အချက် ၃၀ ကျော်လှမ်းပစ်တယ်ဆိုတော့ သူတို့ဘက်ကအပြင်မထွက်ပစ်ရဲကြဘူး။ အထဲကနေပဲ ပြန်ပစ်တယ် ” ဟု ပြောသည်
အဆိုပါ ထွေအုပ်ရုံးနှင့် ရဲစခန်းတွင် လုံခြုံရေး ယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အား ၁၂၀ ခန့်ရှိပြီး သေဆုံးမှု အခြေနေကို ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးကို သခင်ဒေါင်းညို အဖွဲ့အပါအဝင် မုဆိုးလေးအဖွဲ့၊ M7PTAအဖွဲ့ အပါအဝင် နဂါနီးအဖွဲ့ ၊ MRGအဖွဲ့နှင့် ဆင်ရိုင်းအဖွဲ့တို့ က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ပုံစာ – ပုလဲဒေသပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
Photo – CJ