မြဝတီမြို့မီးလောင်မှုအသက် ၇၀ ကျော် အဘိုးနှင့် အဘွားသေဆုံး
*********************************
ဒီဇင်ဘာ ၂၄ ၂၀၂၂။
ကရင်ပြည်နယ်၊ မြဝတီမြို့အမှတ် (၃) ရပ်ကွက် တောင်တန်းဘုန်းကြီးကျောင်းအနောက်ဘက်တွင် ဒီဇင်ဘာ ၂၂ရက်၊ ည ၁၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အဘိုးနှင့်အဘွားတို့ သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါမီးလောင်မှုသည် ဖယောင်းတိုင်မီးမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး လေဖြန်းနေသည့် အဖွားမှာ မီးလောင်မှုဖြစ်စဉ်အတွင်း၌ သေဆုံးခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ အိမ်တွေက လုံးချင်းတန်လျား ထရံကာလေးတွေဆိုတော့ အကုန်ကုန်တာပဲ။ အဖွားတစ်ယောက် မီးထဲပါသွားတယ် ” ဟုပြောသည်။
လေဖြန်းနေသည့် အဘွားကို ကယ်ထုတ်နေစဥ်အတွင်း၌ ၎င်း၏အမျိုးသားဖြစ်သူအဘိုးမှာလည်း မီးလောင်ကျွမ်းပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိခဲ့သောအဘိုးသည် မြဝတီဆေးရုံတွင် ဆေးကုသမှုခံယူစဉ် ယမန်နေ့ညနေ ၄ နာရီခွဲခန့်က သေဆုံးသွားသည်ဟု အထက်ပါဒေသခံအမျိုးသမီးက ဆက်လက်အတည်ပြုပြောသည်။
အဆိုပါ မီးလောင်မှုကို မီးသတ်ကား နှစ်စီးဖြင့် မိနစ် ၂၀ ခန့်ကြာအောင် ငြှိမ်းသတ်ခဲ့ရပြီး နေအိမ် ၁၃ လုံးမီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံ အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထိုမီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ ၄၄ ဦးခန့်မှာ ရပ်ကွက်ဓမ္မာရုံတွင် မှီခိုနေထိုင်လျက်ရှိပြီး အကူညီများလိုအပ်နေကြောင်း ကူညီဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ဒီဇင်ဘာ ၁၆ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင် ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာအကြီး တစ်လုံးမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ယခုအချိန်၌ မြဝတီမြို့တွင် တစ်နေ့လျင် လျှပ်စစ်မီး နာရီဝက်ပင် မရရှိကြောင်း ဒေသခံများထံမှ သိရသည်။