(နှစ်ဦးဝေ စုံစမ်းရေးသားသည်)
လူ ၂၀၀ ကျော်ဟာ အထုပ်ကိုယ်စီနဲ့ ကားတွေပေါ် နေရာယူနေကြချိန်မှာ အသက် ၄၀ အရွယ် အမျိုးသမီးကြီးတစ်ဦးကတော့ ငိုရင်းနဲ့ ထွက်ခွာရမယ့်နေရာကနေ မခွာနိုင်ဖြစ်နေတယ်။
“ကျမ ယောကျ်ားကျန်သေးတယ်။ သူရှိတဲ့ နေရာက အဆောက်အဦး ၆…..”
လူကုန်ကူးခံရသူတွေ ပြန်လည် လွတ်မြောက်လာချိန် နေရပ်မပြန်ဘဲ ချန်ရစ်နေခဲ့မယ့် တက်ဇေးနီးယားနိုင်ငံသား အမျိုးသားတစ်ဦးကို တတွတ်တွတ်နဲ့ မှာနေတာပါ။ အဲဒီ အမျိုးသားဘေးမှာ နီပေါနဲ့ တခြားနိုင်ငံသား တချို့လည်း ကျန်နေသေးတဲ့ သူတွေ အမည်စာရင်းပေးရင်း ရှာပေးဖို့အတွက် မထွက်ခွာခင် အလောတကြီး မှာနေပါတယ်။
ထိုင်း မြန်မာနယ်စပ် ကျောက်ခက်မှာ ရောက်ရှိနေတဲ့ နိုင်ငံ ၃၀ က လူကုန်ကူးခံရသူ ၂၀၀ ကျော် ထိုင်းဘက်ခြမ်းကို မလွှဲပြောင်းခင် အခြေအနေမြင်ကွင်းပါ။
“ကျနော် အရမ်းပျော်နေတယ်။ ဒါပေမယ့် အခုချိန်ထိတောင် မယုံနိုင်သေးဘူး။ ကျတော် အခုလို လွတ်မြောက်လာတယ်ဆိုတာ”
အသက် ၂၀ ကျော်အရွယ်ပဲ ရှိသေးတဲ့ အီသီယိုးပီးယားလူမျိုး ကာရက်ဘ်က ထိုင်းနိုင်ငံဘက်ကမ်း မကူးခင် လိုက်ပါလာတဲ့ ကားပေါ်မှာ မတ်တပ်ရပ်ရင်း ပြောနေတာပါ။ နေပူပူထဲ ကားစီးလာရပေမယ့် သူ့ရဲ့ မျက်နှာမှာတော့ လုံခြုံတဲ့ ခံစားချက်နဲ့အတူ လွတ်လပ်မှုကို မြင်နေရပါတယ်။
သူနဲ့အတူ အခြား ဖိုးဝှီးကားတွေပေါ်မှာတော့ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံခဲ့ရတဲ့ တခြားနိုင်ငံသားတွေလည်း ရှိနေပါတယ်။
သူ့လို အီသီယိုးပီးယားနိုင်ငံသားအနေနဲ့ဆိုရင် သူအပါအဝင် ၁၃၇ ယောက် အခုတစ်ကြိမ်မှာ လွတ်မြောက်လာတာပါ။
နောက်ထပ် ထောင်ဂဏန်းလောက် သူတို့ နိုင်ငံသားတွေ ကျန်နေသေးတယ်လို့ တတွင်တွင် ပြောနေသူကတော့ အသက် ၂၀ ကျော်အရွယ် အီသီယိုးပီးယန်း အမျိုးသမီး ဟီဝုဖ်ပါ။ သူဟာ တစ်တော့ခ် ဆယ်လီတစ်ဦးလည်း ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းမှာ တစ်နှစ်နီးပါးလောက် လူကုန်ကူးခံခဲ့ရတာပါ။

ငရဲခန်းနေ့ရက်
“တရုတ်တွေက နေ့တိုင်းလိုလို ကျမကို (Electric Shock) ကျင်စက်နဲ့ တို့တယ်။ အလုပ် မလုပ်နိုင်ဘူး၊ မလိမ်နိုင်ဘူးဆိုရင် နေ့တိုင်း နှိပ်စက်ခံရတယ်။ ၉ လလောက် တောက်လျှောက်ခံခဲ့ရတယ်” လို့ သူဘယ်ဘက်ရင်အုံကို ဖိညွှန်ပြရင်း ပြောပါတယ်။
ကျောက်ခက်ကနေ ထိုင်းကို လွှဲတဲ့သူတွေထဲက လူ ၃၀လောက်က ကျင်စက်နဲ့တို့ခံထားရတဲ့ ဒဏ်ရာတွေပြပြီး သူတို့ နှိပ်စက်ခံထားရတာကို သက်သေထူခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်က ထိုင်း မြန်မာနယ်စပ် ကရင်ဘက်ခြမ်း ကျားဖြန့်လုပ်ငန်းတွေ တွင်ကျယ်နေရာထဲက ဒေသတစ်ခုဖြစ်တဲ့ ကျောက်ခက်ဝန်းကျင်ကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ လိုက်လံဆော်ဩမှုနဲ့ လူကုန်ကူးခံရသူ ၂၆၁ ဦး ချိတ်ဆက်ထွက်လာနိုင်ပါတယ်။ ဒီလို လူရာချီထွက်လာနိုင်တာက ပထမဆုံးအကြိမ်လို့ ပြောလို့ရပြီး ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ အဲဒီထဲက ၂၆၀ ကို DKBA က ထိုင်းနိုင်ငံဘက်ခြမ်းကို လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီထဲမှာ အမျိုးသား ၂၂၁ ဦးနှင့် အမျိုးသမီး ၃၉ ဦးပါဝင်ပါတယ်။
DKBA က မဆော်ဩခင် ဖေဖော်ဝါရီ ၉ ရက်တုန်းက ကျောက်ခက်ဒေသတွင်း ကျားဖြန့်လုပ်ငန်းရုံတစ်ခုကနေ လူ ၃၀ ကျော်ဟာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် သောင်ရင်းမြစ်ကမ်းကို ရောက်ဖို့ တောင်တွေ ခြားနေတာကြောင့် မလွတ်မြောက်နိုင်ဘဲ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လိုက်လံဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
အသက် ၃၀ အရွယ် ဖိလစ်ပိုင်အမျိုးသမီး အိုင်လင်းက “ကျမတို့ ထွက်ပြေးတဲ့အခါ အရမ်းခက်ခဲတယ်၊ တောင်ပေါ်တက်ရတယ်။ အဲဒီတောင်မှာ သစ်ပင်တွေလည်း မရှိဘူး၊ သူတို့က မီးရှို့ထားလို့။ သူတို့မှာ အစောင့်တွေ အများကြီးရှိတယ်။ ကျမတို့ကို မြင်သွားတယ်။ ပြီးတော့ သူတို့က ကျမတို့ကို ပြန်ဖမ်းမိတယ်။ ဖမ်းမိတော့ ထပ်ရိုက်ခံရတယ်။ တခြားလူတွေကိုလည်း လမ်းပေါ်မှာ ဖမ်းပြီး ဝင်းထဲ ပြန်ထည့်လိုက်တယ်” လို့ သူ့လက်မောင်းက အတွင်းကြေနေတဲ့ အညိုမဲစွဲရာတွေကို ပြရင်း ပြောပါတယ်။

မက်လုံးနဲ့ လက်တွေ့
အိုင်လင်းကတော့ ကျားဖြန့်ဂိုဏ်းတွေဆီ လွန်ခဲ့တဲ့ ၅ လက ရောက်လာခဲ့တာပါ။ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ရပြီး တစ်လကို လစာ ဒေါ်လာ ၁၅၀၀ ရမယ်ဆိုတဲ့ လူမှုကွန်ယက်တစ်ခု ကြော်ငြာကို တွေ့ရင်း ချိတ်ဆက်မိရာက လူကုန်ကူးခံခဲ့ရတာပဲဖြစ်ပါတယ်။
အိုင်လင်းအပါအဝင် မြန်မာနိုင်ငံဘက်ခြမ်း ကျားဖြန့်လုပ်ငန်းတွေဆီမှာ လူကုန်ကူးခံရသူတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ကနေ ဖြတ်ပြီးမှ မဲဆောက်ကို နှစ်ရက်ခရီးနဲ့ ရောက်လာကြသူတွေ များပါတယ်။ မဲဆောက်က ထိုင်းအာဏာပိုင်အချို့နဲ့ ချိတ်ဆက်တဲ့ ဟိုတယ်နှစ်ခုလောက်မှာ လူကုန်ကူးခံရသူတွေကို တစ်ညတာ တည်းခိုစေပြီး နောက်နေ့ မနက်မှ သောင်းရစ်မြစ်က တဆင့် ခေါ်ထုတ်ကြတယ်လို့ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းကို ဖြတ်သန်းကူးနိုင်ဖို့ လုပ်ဆောင်သူတွေက DKBA အဖွဲ့ဝင်တွေဖြစ်ပြီး အဲဒီကျားဖြန့်လုပ်ငန်းတွေအပါအဝင် ကာစီနိုဝင်းတွေကို လုံခြုံရေးပေးနေသူတွေက ကရင်နယ်ခြားစောင့်တပ် BGF ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီ မြေနေရာတွေကို ငှားရမ်းသူတွေကတော့ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် DKBA နဲ့ BGF ပိုင်မြေတွေလည်း ပါဝင်တယ်လို့ နိုင်ငံတကာ သတင်းတွေရဲ့ စုံစမ်းထောက်လှမ်းသတင်းတွေမှာ ဖော်ပြပြီး ဖြစ်ပါတယ်။
လက်ရှိ လူကုန်ကူးခံရသူတွေကတော့ သူတို့ နိုင်ငံမှာ ရှိနေစဉ်အတွင်း တရုတ်ပွဲစားတွေကတဆင့် နိုင်ငံအလိုက် တွင်ကျယ်တဲ့ လူမှုကွန်ရက် ချန်နယ်တွေဖြစ်တဲ့ တယ်လီဂရမ်၊ အမေဇုန်လို ပလက်ဖောင်းတွေကနေ တွေ့ရလေ့ရှိတဲ့ အလုပ်ကြော်ငြာစာတွေကတဆင့် အဆက်အသွယ်ရပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာကြတာလည်း ဖြစ်ပါတယ်။
အဲဒီအလုပ်တွေက လစာကို အနည်းဆုံး တစ်လ ဒေါ်လာ ၁၅၀၀ ကနေ ၂၀၀၀ အထိ ပေးမယ်လို့ မက်လုံးပေးတာအပြင် အဲကွန်းခန်းထဲမှာ အွန်လိုင်းမားကတ်တင်းလုပ်ရမှာ၊ ကော်မရှင်အလိုက် ထပ်ဆောင်းရနိုင်တာ စတဲ့ ဆွဲဆောင်မှုတွေနဲ့ ခေါ်ကြတယ်လို့ လူကုန်ကူးခံရသူတွေက ဆိုပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ ၅ လစလုံး လုပ်မှ ဘတ် ၃၀၀၀ တစ်ခါသာ ရဖူးတာ၊ သူတို့ သတ်မှတ်ထားတဲ့ တစ်ဦးကို တစ်လ ဒေါ်လာ တစ်သောင်း ဝင်အောင် ရှာနိုင်ရင်တောင် ဒေါ်လာ ၇၀၀ ပဲ လစာပြန်ရတာ၊ တချို့ဆို အကြောင်း အမျိုးမျိုး ပြခံရပြီး ၆ လအတွင်း လစာ တစ်ပြားမှ မရသူတွေတောင် ရှိခဲ့ပါတယ်။
အလုပ်ချိန်အနေနဲ့လည်း ညနေ ၅ နာရီဆို စကြရပြီး မနက် ၁၀ နာရီမှ နားရတာပါ။ နေ့ရက် အများစုကတော့ သတ်မှတ်နှုန်းထား ရအောင် မလိမ်နိုင်ဘူးဆိုရင် (ကျားဖြန့်ဂိုဏ်းအခေါ် အကောင့်မပွင့်ဘူးဆိုရင်) အချိန်ပိုဆင်းရတာကြောင့် တစ်ရက်ကို ၁၈ နာရီကနေ နာရီ ၂၀ လောက်ထိ အလုပ်လုပ်ကြရတာက လူကုန်ကူးခံရသူတိုင်းအတွက် ပုံမှန်လိုလိုဖြစ်နေပါတယ်။

ပထမဆုံးနေ့ရက်
လက်ရှိ လွတ်မြောက်လာတဲ့ လူကုန်ကူးခံရသူတွေထဲမှာတော့ အိုင်လင်းတို့ ဖိလစ်ပိုင်က ၁၆ ယောက်အပါအဝင် တခြားသူတွေကတော့ တရုတ်၊ ဘရာဇီး၊ ကမ္ဘောဒီယား၊ မလေးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နီပေါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ လာအို၊ ထိုင်ဝမ်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖရိကအတွင်းက အီသီယိုးပီးယား၊ ကင်ညာ၊ ယူဂန်ဒါ၊ နိုင်ဂျီရီးယားနဲ့ တက်ဇေးနီးယားစတဲ့ နိုင်ငံတွေက ဖြစ်ပါတယ်။
အများစုဟာ စရောက်ကတည်းက အွန်လိုင်းငွေလိမ်တဲ့ အလုပ်ကို မလုပ်ချင်တာကြောင့် ငြင်းဆိုကြသူတွေများပါတယ်။ အလုပ်လုပ်ဖို့ ရောက်လာသူတွေဟာ စရောက်ရောက်ချင်းနေ့မှာပဲ မိုဘိုင်ဖုန်းနဲ့ ပတ်စပို့စ်တွေ အသိမ်းခံကြရပါတယ်။
ဘရာဇီးလူမျိုး လူးကက်စ်ကတော့ ပထမ စရောက်ရောက်ချင်းနေ့မှာပဲ ဖုန်းသိမ်းတာကို တရုတ်ခေါင်းဆောင်ဆီကနေ ပြန်လုမိတာကြောင့် အနှိပ်စက်ခံခဲ့ရပါတယ်။
“သူ (သူဌေး) က Demon (နတ်ဆိုး) ပဲ၊ ကျနော်တို့က သူ့ကို နတ်ဆိုးလို့ပဲ ခေါ်တာ။ မျက်နှာမြင်တာနဲ့ အရမ်းကြောက်ဖို့ ကောင်းတယ်” လို့ အသက် ၃၁ နှစ်အရွယ် လူးကက်စ်က ပြောပါတယ်။
ကျားဖြန့်ဂိုဏ်းတွေက ပေ တစ်ရာလောက် ကျယ်တဲ့ ဝန်းတစ်ခုထဲမှာတင် ရုံ ၈ ရုံလောက် ရှိတတ်တယ်လို့ အလုပ်လုပ်ခဲ့ရသူတွေက ဆိုပါတယ်။ အဲဒီ ငွေလိမ်တဲ့ အလုပ်ကို မလုပ်ချင်လို့ ပြန်ချင်တယ်ဆိုရင် တရုတ်သူဌေးတွေက ဒေါ်လာ ၁၂၀၀၀ ကနေ နှစ်သောင်းဝန်းကျင် အလျော်တောင်းလေ့ရှိပါတယ်။
အဲဒီလို ပြန်လျော်ရင် ပေးပြန်မယ်လို့ ဆိုတာကြောင့် ပါကစ္စတန်နိုင်ငံသား ဆယ်မန်ကတော့ ဒေါ်လာ ၁၂၀၀၀ အိမ်ကနေ ပြန်တောင်းပြီး လွှဲပေးခဲ့ပါတယ်။ အဲဒီလို ပေးပြီးချိန်မှာတော့ နောက်ထပ် ဒေါ်လာ ၅၀၀၀ ထပ်တောင်းပြီး ပေးမပြန်ဘဲ ဆက်ပြီး အလုပ်ခိုင်းတာ၊ သတ်မှတ်နှုန်းထား မရှာနိုင်လို့ နှိပ်စက်တာတွေပဲ ကြုံခဲ့ရတယ်လို့ သူက ပြောပါတယ်။
“ကျနော်တို့ကို ရိုက်တာ တိရိစ္ဆာန်တွေကို ရိုက်သလို ရိုက်တာ။ သူတို့က လူမဟုတ်ဘူး။ တိရစ္ဆာန်တွေလိုပဲ။ သူတို့က လူတွေကို တိရစ္ဆာန်တွေလို အပြစ်ပေးနေတာ။ အကြောင်းပြချက်မရှိဘဲ ညှဉ်းပန်းနှိပ်စက်နေတာ” လို့ ဆယ်မန်က သူနှိပ်စက်ခံခဲ့ရတာကို ဆိုပါတယ်။
လူတွေကို ရိုက်နှက်တဲ့ နေရာမှာဆိုရင် ပီဘီစီပိုက်တွေ၊ ကြိုးတွေ၊ တစ်ခါတရံမှာ အားသွင်းကြိုးတွေနဲ့ ရိုက်နှက်လေ့ရှိတယ်လို့ ကျူးလွန်ခံရသူတွေဆီက သိရပါတယ်။
ဆယ်မန်ဆိုရင်လည်း နေ့စဉ် နှိပ်စက်ခံနေရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ သုံးကြိမ်လောက် စဉ်းစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
နောက်ထပ် ပါကစ္စတန်နိုင်ငံသား တစ်ဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ရှာဇက်ကတော့ လွန်ခဲ့တဲ့ ၆ လက လူကုန်ကူးခံရတာပါ။ ထိုင်းနိုင်ငံမှာ အိုင်တီနည်းပညာနဲ့ ပတ်သက်တဲ့ အလုပ်လုပ်ရမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ရောက်ခဲ့တာဖြစ်ပြီး သူဟာ စရောက်ခါစက လုံခြုံရေးအပြည့်နဲ့ ရှိနေတဲ့ ကျားဖြန့်ဝင်းကိုတောင် ထိုင်းနိုင်ငံမှာပဲ တည်ရှိတယ်လို့ ထင်ခဲ့သူပါ။
“ကျနော် လုံးဝ မလုပ်ချင်ဘူး။ ငြင်းတော့ နှိပ်စက်ခံရတယ်။ ကျနော့်ကို လက်နှစ်ဖက် တိုင်မှာ တန်းထားပြီး ချုပ်တယ်။ ပြီးတော့ ရိုက်တယ်။ ကျင်စက်နဲ့ တို့တယ်။ နောက် အလုပ်ကောင်းကောင်းမလုပ်လို့ဆိုပြီး နောက်တစ်နေရာကို ဒေါ်လာ တစ်သောင်းနဲ့ ရောင်းစားလိုက်တယ်။ ကျနော့်ရှေ့မှာတင် ငွေပေး ငွေယူလုပ်တာ” လို့ နေခဲ့တဲ့ ၆ လအတွင်း တစ်ဆင့် ပြန်ရောင်းစားခံခဲ့ရပုံကို ပြောပါတယ်။
ရှာဇက်အပါအဝင် လူကုန်ကူးခံရသူတွေကို နေ့စဉ်နီးပါး နှိပ်စက်သူတွေက တရုတ်လူမျိုးတွေ ဖြစ်တယ်လို့ သံလွင်ခက်က တွေ့ဆုံ မေးမြန်းခဲ့တဲ့ နိုင်ငံခြားသား ဆယ်ဦးထက် မနည်းက အတည်ပြုပြောပါတယ်။
အမှောင်ခန်းချုပ်ရက်
ရှာဇက်ကတော့ နောက်ရောင်းစားခံရတဲ့ ကျားဖြန့်ရုံမှာ အဖွဲ့ခေါင်းဆောင် (Team Leader) အဖြစ် လုပ်ဆောင်ခဲ့ရပြီး သူ့လက်အောက်မှာ ၁၂ ယောက်ရှိပါတယ်။ အဲဒီ ၁၂ ယောက်ပေါင်းပြီး တစ်ရက်ကို ဒေါ်လာ ၁၀၀၀၀ ပြည့်အောင် အွန်လိုင်းကနေ ဖောက်သည် (သူတို့အခေါ် Client) ရှာပြီး လိမ်ကြရပါတယ်။ တကယ်လို့ သတ်မှတ်ထားတဲ့ ပမာဏမပြည့်မှီရင် အပေါ်မှာ ပြောခဲ့တဲ့ နည်းတွေအပြင် အမှောင်ခန်းထဲမှာ ရက်သတ္တပတ်လောက် ပိတ်ဖမ်းချုပ်ထားပြီး ရိုက်နှက်တာ၊ ထိုင်ထ အခါ တစ်ထောင်ထက်မနည်း လုပ်ခိုင်းတာ၊ တုတ်နဲ့ အနည်းဆုံး အချက် ၆၀ ကနေ ၇၀ ကျော်အထိ ရိုက်တာတွေ ခံကြရပါတယ်။
“ကျနော့်ကို ကျနော့် အဖွဲ့သားတွေကို နှိပ်စက်ခိုင်းတယ်။ မနှိပ်စက်နိုင်ဘူး ပြောလို့ ၃ ရက်တိတိ ရိုက်ခံရတယ်” လို့ ရှာဇက်က သူကြုံခဲ့ရတာကို ပြောပါတယ်။
ဘရာဇီးအမျိုးသား လူးကစ်ကလည်း “အိမ်ကို ခိုးဆက်သွယ်ပြီး ဒီကအခြေအနေတွေ ပြောလိုက်တာ၊ မိသားစုက ဘရာဇီးမီဒီယာတစ်ခုကို ဖြေလိုက်လို့ဆိုပြီး အမှောင်ခန်းထဲ တစ်ပတ်လောက် ပိတ်အရိုက်ခံရတယ်။ သန့်ရှင်းရေးလုပ်တဲ့ မြန်မာအမျိုးသမီး တစ်ယောက်က ထမင်းနဲ့ ရေလာပေးတယ်။ ဒါပေမယ့် ကျနော် မစားနိုင်ဘူး။ သူတို့က အိမ်သာလည်း ပေးမသွားဘဲ ချုပ်ထားတော့ ကျနော် မစားရဲဘူး” လို့ သူနှိပ်စက်ခံခဲ့ရပုံကို ဆိုပါတယ်။
ရှာဇက်ကတော့ အွန်လိုင်း ငွေလိမ်တဲ့ အလုပ်ကို ကောင်းကောင်း မလုပ်ရင် သူ့ကို ပေးဝယ်ခဲ့ရတဲ့ ဒေါ်လာ တစ်သောင်းပြန်ရဖို့ မျက်လုံး၊ နှလုံး၊ ကျောက်ကပ်လို ကလီစာတွေ ထုတ်ရောင်းမယ်ဆိုတဲ့ မကြာခဏဆိုသလို ခြိမ်းခြောက်မှုတွေကြား ဖိအားပေး အလုပ်စေခိုင်းခံခဲ့ရပါတယ်။
ကျားဖြန့်လုပ်ငန်းခွင်ရောက် အမျိုးသမီးများမှာလည်း နှိပ်စက်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများကို ငရဲခန်းသဖွယ်ခံစားခဲ့ရသည်။
ကောက်ရိုးတစ်မျှင်
ဒီလို ခြိမ်းခြောက်မှုတွေကြားမှာ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်နေရင်း လွတ်မြောက်ဖို့ကို နည်းလမ်းစုံနဲ့ သူတို့ ကြိုးစားခဲ့ကြပါတယ်။ သက်ဆိုင်ရာ သံရုံးတွေကို ချိတ်ဆက်နိုင်ဖို့ လူအလစ်ကို စောင့်ပြီး ဖောက်သည်တွေကို လိမ်ရတဲ့ ကွန်ပျူတာနဲ့ပဲ အီးမေးလ်ပို့တာ၊ Whatsapp နံပါတ်တွေကို ရှာပို့တာတွေကို လုပ်ကြရပါတယ်။ တချို့ကတော့ နီးစပ်ရာ မိတ်ဆွေတွေ၊ မိသားစု ဆွေမျိုးတွေဆီ မတ်ဆေ့ချ်က တဆင့် အကူအညီတောင်းတာတွေကို လုပ်ကြပါတယ်။
ဒါပေမယ့် အနှိပ်စက်ခံထားရတဲ့ ပုံတွေနဲ့ သက်သေတွေ ပို့ရင်တောင် မိသားစုက သံရုံးကို ဆက်သွယ်အကူအညီတောင်းတဲ့အခါ အကူအညီမရတာတွေလည်း ကြုံခဲ့ရတယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။
ဖိလစ်ပိုင်အမျိုးသမီး အိုင်လင်းကတော့ “မိသားစုကို ခိုးဆက်သွယ်ပြီး ရသလောက်ပို့တာတောင် လိုကေးရှင်းအတိအကျ မသိရလို့ မခိုင်လုံလို့ ဘာမှလုပ်မရဘူးလို့ပဲ သံရုံးက အကြောင်းပြန်တယ်တဲ့။ ပိုက်ဆံပေးလို့ လွတ်မယ်ဆိုရင် ပိုက်ဆံပေးလိုက်လို့ ပြောတယ်။ မပေးရဲဘူးလေ။ ပေးတဲ့သူတွေလည်း ပိုက်ဆံသာ ဆုံးသွားတယ်။ ပြန်မလွှတ်ပေးဘူး” လို့ ပြောပါတယ်။
ပါကစ္စတန်နိုင်ငံသား ရှာဇက်ဟာဆိုရင်လည်း သံရုံးတွေကို အကြိမ်ကြိမ် အီးမေးလ်ပို့ပြီး လွတ်မြောက်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ပါကစ္စတန်သံရုံး၊ ထိုင်းသံရုံး၊ တရုတ်သံရုံး စတာတွေကို အကြိမ်ကြိမ် အီးမေးလ်စောင်ရေ ၃၀ ထက်မနည်း ပို့ပြီး ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားချက် တစ်စုံတရာ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် အခုချိန်မှာတော့ လူကုန်ကူးခံရသူတွေဟာ အညိုမဲ ဒဏ်ရာတွေ၊ စိတ်ဒဏ်ရာတွေနဲ့အတူ ထိုင်းဘက်ခြမ်းကို ရောက်ရှိနေပါပြီ။
ဖိလစ်ပိုင် အမျိုးသားတစ်ဦးကတော့ “ကျွန်တော်တို့အားလုံး ပြေးဖို့စီစဉ်ခဲ့တယ်၊ သေသေရှင်ရှင်ပေါ့။ အဲဒါက ကျွန်တော်တို့ရဲ့ စိတ်ကူးပဲ။ သေရင် သေ၊ မသေရင် ငရဲကနေ လွတ်မြောက်မယ်။ နေ့တိုင်း အပြစ်ပေးခံရတာကို မလိုချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်း ကျွန်တော်တို့ ရှာရမယ့် ပမာဏ မပြည့်မှီရင် အမြဲတမ်း စိတ်ဒဏ်ရာရစေတယ်။ ရုံးခန်းထဲမှာ ကျန်နေခဲ့ဖို့ ရွေးချယ်ခံရသူတွေဟာ ရိုက်နှက်ခံရတယ်။ အပြစ်ပေးမှုအမျိုးမျိုးနဲ့ ရိုက်နှက်ခံရတာ” လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ်၊ KK park၊ ကျောက်ခက်၊ အေအေ စတဲ့ ကျားဖြန့်လုပ်ငန်းတွေ ရှိရာနေရာတွေမှာ အခုလို နိုင်ငံခြားသားတွေတင် မဟုတ်ဘဲ မြန်မာနိုင်ငံသားတွေလည်း အလုပ်လုပ်နေကြတာ ရှိပါတယ်။
အွန်လိုင်း ငွေလိမ်တာကို လုပ်ရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အများစုကတော့ နှိပ်စက်ခံရတာမျိုး မရှိပေမယ့် နေ့စဉ် သတ်မှတ်နှုန်းထား မမှီဘူးဆိုရင် လစာထဲက ဖြတ်တာ၊ ပြန်လျော်ရတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကတော့ လူတိုင်းလိုလို ရှိကြတယ်လို့ ရွှေကုက္ကိုလ်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ မြန်မာအမျိုးသား တစ်ဦးက ဆိုပါတယ်။ အပြစ်ပေးခံရတယ်ဆိုရင်လည်း နေပူလှန်းခံရတာ၊ ကွင်းပတ်ပြေးရတာ၊ တစ်ခါတရံ အရိုက်ခံရတာတွေကို ကြုံကြရတာတွေလည်း ရှိပါတယ်။ မြန်မာနယ်မြေမှာ ဖြစ်နေတာအပြင် လုံခြုံရေးယူထားသူတွေကလည်း မြန်မာတွေဖြစ်တာကြောင့် တခြားနိုင်ငံခြားသားတွေနဲ့ ယှဉ်ရင်တော့ သက်သာနေတဲ့ အခြေအနေဖြစ်နေတယ်လို့ အလုပ်လုပ်သူ မြန်မာနိုင်ငံသားတွေက ယူဆကြပါတယ်။
လက်ရှိ ပြန်ထွက်လာနိုင်တဲ့ နိုင်ငံခြားသားတွေထဲမှာတော့ လင်မယားနှစ်ယောက်စလုံး လာပြီး လူကုန်ကူးခံရတဲ့နောက် အလုပ်နေရာ ကွဲသွားလို့ အဆက်အသွယ် မရတော့ဘဲ ခင်ပွန်းသည်က ထွက်မလာနိုင်လို့ ကျန်ခဲ့တာ၊ သူငယ်ချင်းတွေက အခုထွက်လာသူတွေနဲ့ နေရာတူမှာ မရှိနေလို့ ကျန်ခဲ့တာကြောင့် နောက်ထပ် လူသောင်းချီဟာ ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရသူတွေအနေနဲ့ ရှိနေကြဆဲပါ။
တက်ဇေးနီးယားနိုင်ငံသား အမျိုးသားကတော့ သူ့လူတွေကို ကယ်ဖို့ နေရပ်မပြန်ဘဲ ကျန်ခဲ့ပါသေးတယ်။
သူ့ဆီကို မလွတ်မြောက်သေးတဲ့ သူတွေရဲ့ အချက်အလက်တွေကို ချရေးပေးထားခဲ့ရင်း ကောက်ရိုးတစ်မျှင်မျှသော မျှော်လင့်ချက်တွေကို ရင်ဝယ်ပိုက် ငိုကြွေးရင်း အိမ်အပြန် ခြေလှမ်းတွေက တုံ့ဆိုင်းလေးလံလို့ နေကြပါတယ်။
ကိုယ့်တိုင်းပြည် ပြန်ရောက်ရင် ဘာလုပ်ရမလဲဆိုတာထက် ထပ်အလုပ်ရှာဖို့ကိုတောင် ကြောက်နေတဲ့ ခံစားချက်ကလည်း ကိုယ်ဆီမှာ ရှိလို့နေပါတယ်။
ဖိလစ်ပိုင်သူ အိုင်လင်းကတော့ သူ့နိုင်ငံကို တစ်လလောက် ပြန်ပြီး ရိုက်နှက်ခံထားရတဲ့ ပုခုံး၊ လက်မောင်းနဲ့ တင်ပါး၊ ပေါင်က အတွင်းဒဏ်ရာတွေကို ဆေးကုသမှု ခံယူပြီးရင် မြန်မာပြည်ကို ပြန်လာချင်တာ သူ့ဆန္ဒပါ။ ပြန်လာချင်တဲ့ ရည်ရွယ်ချက်ကတော့ သူအလုပ်စေခိုင်းခံရစဉ်မှာ နှိပ်စက်ခံရချိန် ကူညီပေးခဲ့တဲ့ မြန်မာအမျိုးသားတစ်ဦးကို လာရှာပြီး ကျေးဇူးဆပ်ချင်တာသာ ဖြစ်ပါတယ်။