လက်ရှိတွင် AA နှင့် စစ်တပ်တို့ကြား နှစ်ဖက်စလုံး အတွက် စစ်ရေးအချက်အချာကျသည့် နေရာ ၅ ခုအား အပြန်အလှန် ထိုးစစ်များနှင့် အတူ နေ့စဉ်ရက်ဆက်တိုက်ခိုက်နေသည်မှာ ကြာမြင့်ပြီဖြစ်သည့် အပြင် စစ်တပ်မှ AA ထိန်းချုပ်ထားသည့် နေရာများသို့ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု အာရက္ခတပ်တော် AA မှ အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။
ထို့အပြင် စစ်တပ်သည် ၎င်းတို့ နှစ်နှစ် အတွင်း ဆုံးရှုံးထားသည့် တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းဌာနချုပ်များ အပါအဝင် စစ်ရေးနှင့် နိုင်ငံရေးအရ အချက်အချာကျသော မြို့များအား ပြန်လည် သိမ်းပိုက်နိုင်ရန် မြန်မာနိုင်ငံ အနှံ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများလည်း ရှိနေသည်ဟု AA မှ ထောက်ပြထားသည်။
လက်ရှိတွင် AA အနေဖြင့် ရခိုင်ပြည်တွင် သိမ်းပိုက်ရန် ကျန်ရှိသည် မြို့ သုံးမြို့အား သိမ်းပိုက်နိုင်ရန် ကြိုးစားနေသည့် အပြင် ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် မကွေး( နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း) နှင့် ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြိုနယ်အတွင်း)တို့တွင် စစ်တပ်၏ ထိုးစစ်အား ကြံ့ကြံ့ခံကာ တုန်ပြန် ထိုးစစ်ဆင်ခြင်များ လုပ်ဆောင်နေသောကြောင့် ယင်းနေရာများတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိသည်။
သို့သော် ကျောက်ဖြူမြို့အား ၂၀၂၅ ခုနှစ် မတ်လမှ စ၍ ကြည်း၊ရေ၊ လေ ပူးပေါင်းစစ်ဆင်းရေးများ ဆက်တိုက် လုပ်ဆောင်နေသော်လည်း ထိရောက်မှုမရှိဘဲ စစ်တပ်မှ အထိအခိုက် အကျအဆုံးများဖြင့်သာ ရင်ဆိုင်နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကြောင့် အောက်တိုဘာလဆန်းမှ စတင်၍ စစ်တပ်သည် အရပ်သားများအား ပစ်မှတ်ထားကာ ဖမ်းဆီးဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများအား ဆက်တိုက်လုပ်ဆောင်နေသည်ဟု အာရက္ခတပ်တော် AA မှ အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။
ပင်လယ်ကမ်းစပ်အနီးတွင် တစ်နိုင်တစ်ပိုင် ငါးဖမ်းနေသည့် ရေလုပ်သားများအား ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
ယခုလ ၆ ရက်က သံတွဲမြို့ နယ်ထဲက ဆတ်လည်မျှော်ကျေးရွာမှ ရေလုပ်သား ၄ ဦးအား ပင်လယ်ပြင်ကမ်းနီးတွင် ငါးဖမ်းနေစဉ် ရေတပ်မှ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် အောက်တိုဘာ ၃ ရက် ကလည်း ကျောက်ဖြူမြို့ ဆားပြင်ကွင်း ရပ်ကွက်မှ ရေလုပ်သား ၂၀ ဦးအား ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ထို့အပြင် AA ထိန်းချုပ်ထားသည့် ဒေသတွင်းမှ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် လူနေအိမ်များအား ပစ်မှတ်ထားကာ လေကြောင်းနှင့် ရေကြောင်းမှ ဆက်တိုက် တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် စက်တင်ဘာ ၄ ရက် နေ့လယ် နှစ်နာရီခန့်တွင် ရေတပ်မှ စစ်င်္ဘောများဖြင့် လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် သံတွဲ ငပလီကမ်းခြေအနီးနှင့် လင်းရိုးတောင်ထက်၌ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သည်။
အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီ ကျော်ခန့်တွင် ဂွမြိုနယ်၊ ပုန်းညက်ကျေးရွာ၏ အနောက်ဘက်မီတာ တစ်သောင်းခန့် အကွာအဝေးရှိသည့် ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ၁၁ ကြိမ်တိတိ ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#စစ်တပ် #AAထိန်းချုပ်ထားသည့်နေရာများ #ထိုးစစ်ဆင်တိုက်ခိုက် #ThanLwinKhetNews