မောင်လှိုင်း
ဖေဖော်ဝါရီ ၆ ၊ သံလွင်ခက်
စစ်ကိုင်းတိုင်း၊ ရေးဦးမြို့မြောက်ဘက်တွင်ရှိသည့် စစ်ကောင်စီအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေဦး-ပကဖ) က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ရေဦးမြို့ခံများထံမှ သိရသည်။
ရေဦးမြို့၏မြောက်ဘက် ရေဦး-တန့်ဆည်လမ်းမကြီးအနီးရှိ ဟိန်းဆီဆိုင်တွင် အင်အား ၂၅ ယောက် ဝန်းကျင်ဖြင့် တပ်ဆွဲထားသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရေဦးပကဖတာဝန်ခံ ကိုဂိုဏ်းချုပ်က သံလွင်ခက်ကိုပြောသည်။
“ကျနော်တို့ မနေညနေ ၅ နာရီ ၅၅ မိနစ်မှာ ကျနော်တို့ ရေဦးပကဖ ကနေ ရေဦးမြို့အမြောက်ဘက် ဟိန်းဆီဆိုင် သူတို့အထိုင်စခန်းကို ကျနော်တို့ ဒီဘက်ကနေ ဒရုန်းနဲ့သွားချတာ သူတို့အရှေ့ကင်းထွက်လာတဲ့ အဖွဲ့ကိုတော့ မြေပြင်တိုက်ခိုက်ရေးအဖွဲ့နဲ့ နှစ်ဖွဲ့ခွဲပြီးတိုက်ခိုက်ခဲ့တာ“ ဟု ၎င်းက ဆိုသည်။
ထိတွေ့တိုက်ပွဲသည် မိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ပျက်ဆီးဆုံးရှုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ၎င်းကပြောသည်။
စစ်ကောင်စီတပ်သည် ရေဦးမြို့မြောက်ဘက်ခြမ်း ဟိန်းဆီဆိုင်၊ မြို့အလယ်ရှိ အထက (၁) ကျောင်း၊ ရဲစခန်း၊ ရေဦးမြို့တောင်ဘက်ခြမ်း တိုင်းရင်းဆေးရုံနှင့် မန်ကျည်းတောရပ်ကွက်တို့တွင် အထိုင်စခန်း အသီးသီးချထားပြီး မြို့ကို ကာရံထားသည်။
နှစ်ဘက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများပြီးနောက် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု အသက် ၅၅ နှစ်အရွယ်ရေဦးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“လက်နက်ကြီး ၉ ချက်ပစ်တာ ၇ ခွဲ ၈ နာရီလောက်အထိ ဆက်တိုက်တော့မဟုတ်ဘူး။ ရေဦးမြောက်ဘက်ဂိတ်ကို လာပစ်တာလို့တော့ ပြောတယ်“ ဟု ၎င်းကဆိုသည် ။
စစ်ကောင်စီတပ်သည် ရေဦးမြို့ပေါ်တွင် စစ်သားစုဆောင်းခြင်းများ ပြုလုပ်လျက်ရှိပြီး ရေဦး အထက (၁) ထဲ၌ စစ်သားအဖြစ်စုဆောင်းခံထားရသူများကို စစ်သင်တန်းများပေးခြင်းများလည်း ပြုလုပ်လျက်ရှိသည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေပြဌာန်းပြီး စစ်သားအဖြစ်စုဆောင်းခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူအရေအတွက် အယောက် ၂၀ ကျော်ရှိသည်ဟု ရေဦးပကဖ တာဝန်ရှိသူ ကိုဂိုဏ်းချုပ်က ပြောသည်။