ဒိုက်ဦး အကျဉ်းထောင်သည် နိုင်ငံရေးအကျဉ်းသားများအား ထောင်တွင်း လူ့အခွင့်အရေးနှင့် အကျဉ်းသား အခွင့်အရေးချိုးဖောက်မှုများအား ဆက်တိုက်လုပ်ဆောင်နေပြီး ဖိနှိပ်မှု အများဆုံး ထောင် ၅ ခုထဲတွင် ပါဝင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM မှ အောက်တိုဘာ ၁၁ တွင် ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၁၆ ဦးအား ထောင်တွင်း လူစုလူဝေးပြုလုပ်သည်ဟု စွပ်စွဲကာ မတရားသဖြင့် တိုက်ပိတ်ထားသည်ဟု သိရသည်။
ယင်းနိုင်ငံရေး နိုင်ငံရေး အကျဉ်းသားများသည် ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိဘဲ နိုင်ငံရေးအကျဉ်းသားတစ်ဦးအား အခြားရာဇဝတ်အကျဉ်းသားများမှ ဝိုင်းဝန်းထိုးကြိတ်မှုအပေါ် မကျေနပ်သောကြောင့် ဖြေရှင်းပေးရန် အဆောင်မှူးကို တင်ပြခဲ့ခြင်းကြောင့် တိုက်ပိတ်ခံထားရခြင်း ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ တိုက်ပိတ်ခံထားရသူများမှာ နိုင်ငံရေး အကျဉ်းသား ဉာဏ်လင်းနိုင်၊ သဲဦးပိုင်၊ ခန့်ညားသူ၊ ကိုလင်း၊ ကျော်လင်းမောင်၊ ဇော်မျိုး၊ရှမ်းလေး၊မင်းနိုင်ထွန်း(ခ)ကြက်ဖကြီး၊ ကျော်သူရဝင်း(ခ)ကျော်ကြီး၊ ဇော်မင်းထိုက်၊ မျိုးကြီး၊ဇော်ကြီး၊ ဇင်မျိုးထိုက်၊ထက်လင်း ၊ဇင်ကိုဖြိုး ၊အာကာမင်းနှင့် ဗူးသီးတို့ ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်တို့တွင်လည်း နိုင်ငံရေးအကျဉ်းသူ(၈)ဦးကို အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ အင်အားသုံးခေါ်ဆောင်၍ အမျိုးသားအဆောင်တိုက်ဝန်းအတွင်း တိုက်ပိတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်သည် ၎င်း အာဏာသိမ်းထားသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ အကျဉ်းထောင်များမှ အကျဉ်းသားများအား ဦးတည်ဖိနှိပ်သည့် ဖိနှိပ်ရေးယန္တရားအဖြစ် ပိုမိုလုပ်ဆောင်နေသည်ဟု ထောက်ပြသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမပေးခြင်းတို့ အပြင် နည်းမျိုးစုံအကြောင်းပြ၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားရိုက်နှက်ခြင်း၊ ခြေကျင်းဒေါက်ခတ်၍ တိုက်ပိတ်ခြင်း၊မိသားစုနှင့်ဝေးကွာသည့် ထောင်များသို့ ထောင်ပြောင်းရွှေ့ခြင်းများ လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကြောင့် မတရား တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံး တိုက်ပြန်ဖွင့်၍ မူလအဆောင်များတွင်ထားရှိရန် PPNM မှ တောင်းဆိုထားသည်။
စစ်တပ် အာဏာသိမ်းထားသည့် အချိန်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်အထိ ငါးနှစ် အတွင်း ဒီမိုကရေစီ အရေးလှုပ်ရှားသည့် မြန်မာနိုင်ငံသား ၂၂၅၀၀ ကျော်အား ဖမ်းဆီးထောင်ချထားသည်။
#ဒိုက်ဦးအကျဉ်းထောင် #နိုင်ကျဉ်း #ဖိနှိပ်မှုများဆက်တိုက်လုပ်ဆောင်နေ #ThanLwinKhetNews