ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းက ကျေးရွာများမှ ပြည်မသို့ ထွက်ခွာသည့် ရခိုင်လူငယ် ၂၀ ခန့်နှင့် ချင်းလူမျိုး ၃၀ ခန့်ကို စစ်ကော်မရှင်က ဖမ်းဆီးသွားသည့်ဟု မိသားစုနှင့် နီးစပ်သူ တောင်ကုတ်ဒေသခံများထံ မှသိရသည်။
စစ်ကော်မရှင်ထံတွင် ဖမ်းဆီးခံလိုက်ရသူများမှာ အသက် ၂၁ အရွယ်မှ ၄၀ ကျော်အရွယ်ထိ ပါဝင်နေပြီး တောင်ကုတ်မြို့နယ် အတွင်းက ရပ်တော်မှုကျေးရွာ၊ စလူကျေးရွာ၊ ဒိုးနွယ်စမ်းကျေးရွာ ၊ရေပေါ်ကြီးကျေးရွာ၊ ပိန်းနှဲစန်းကျေးရွာနှင့် တောင်ကုတ်မြို့ ဂူတာရပ်ကွက်တို့မှ လူငယ်များဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
၎င်းတို့အား ပြီးခဲ့သည့် အောက်တိုဘာလ ၆ရက်နှင့် ၇ရက်တို့တွင် ပဲခူးတိုင်းအတွင်းက စစ်ကော်မရှင် တပ်သားများမှ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု အသက် (၃၀)အရွယ် တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
” တောလမ်းကနေ ပြည်မကို သွားတဲ့အချိန်မှာ အဖမ်းခံရတာ။ တချို့ကတော့ ကဝ မြို့နယ်မှာ အဖမ်းခံရတယ်လို့ ပြောတယ်။ ချင်းတိုင်းရင်းသားတွေကတော့ သွားတဲ့လူတွေရဲ့ အထုတ်အပိုးတွေကို ထမ်းတဲ့ လူတွေပါတယ်လို့ပြောပါတယ်။ “ဟု ၎င်းက ဆိုသည်။
ယင်းလူငယ်များအား ပထမတွင် ဥသျှစ်ပင် မြို့နယ်တွင်ထားပြီး လက်ရှိတွင် စစ်သားစုဆောင်ရေးသို့ ပို့လိုက်သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
၎င်းက ဆက်လက်ပြီး ” အစကတော့ သူတို့ကို မိသားစုတွေက ငွေနဲ့ သွားထုတ်တာပေါ့နော်၊ ဒါပေမဲ့ ထုတ်မရခဲ့ဘူး။ သူတို့ကို ဖမ်းတုန်းက ဥသျှစ်ပင်မြို့နယ်အတွင်းမှာ ထားတာ၊ အခုကတော့ သူတို့ကို စုဆောင်းရေးဖက်ကို ပို့လိုက်ပြီလို့ သိရတယ်။ ” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်ပြီးနောက်ပိုင်းတွင် ခရီးသွားလာရေးလမ်းကြောင်းများအား စစ်တပ်မှ ပိတ်ဆို့ထားပြီး လေကြောင်း တစ်ခုတည်းဖြင့်သာ ခရီးသွားလာခွင့် ပြုထားသည်။
ထို့အပြင် အာရက္ခတပ်တော် AAမှလည်း ၎င်းထိန်းချုပ်ရာ ဒေသတွင်း နေထိုင်သူများ ဖမ်းဆီးခြင်းမခံရစေရန် ပြည်မသို့ သွားလာခြင်းများ မပြုရန် တားမြစ်ထားသည်။
သို့သော် ရခိုင်ဒေသတွင်း အလုပ်အကိုင်ရှားပါးခြင်းများကြောင့် လူငယ်များမှာ တောလမ်းများမှ အဆင့်ဆင့်ဖြတ်ကျော်ကာ ပြည်မသို့ ထွက်ခွာရန် ကြိုးစားခြင်းများ ရှိနေဆဲဖြစ်သည်။
#တောင်ကုတ် #ပြည်မထွက်ခွာ #စစ်ကော်မရှင်ဖမ်းဆီး #ThanLwinKhetNews