ဘုန်းမောင်
ကမ္ဘာ့အကြီးမားဆုံး ဆိုက်ဘာလိမ်လည်မှုအချက်အခြာဒေသများအနက်က တစ်ခုကို ခရီးသွားရန် အယုံသွင်း ခံလိုက်ရသည်ဟု တရုတ်မင်းသား ဝမ်ရှင်းက ပြောသည်။
အဆိုပါတရုတ်မင်းသားကို ကယ်တင်နိုင်ခဲ့ပြီး နောက်မှာတော့ မြန်မာ – ထိုင်းနယ်စပ်တွင် ရှောင်တိမ်းနေသည့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ပြန်လည် ခေါင်းထောင်လာကာ နိုင်ငံတကာ၏ အာရုံစူးစိုက်မှု ခံလာရသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသော မြန်မာနိုင်ငံ၏ မြဝတီဒေသသည် ကမ္ဘာတစ်ဝန်းမှ သားကောင်များထံက နှစ်စဥ်ဒေါ်လာဘီလီယံနှင့်ချီကာ လိမ်လည်နေကြသည်။
အများအားဖြင့် လူကုန်ကူးခံထားရသည့် အလုပ်သမားအများအပြားကို အသုံးပြုကာ တရုတ်ရာဇဝတ်ဂိုဏ်းများက စံမံအုပ်ချုပ်ပြီး လိမ်လည်နေသောကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေပါသည်။
၎င်းတို့သည် ပစ်မှတ်များထံသို့ ဖုန်းဖြင့်သော်လည်းကောင်း၊ လူမှုကွန်ရက်များဖြင့်သော်လည်းကောင်း ဆက်သွယ်ကာ သားကောင်များကို လိမ်လည်လှည့်စားသည့် အတုအယောင်အချစ်ဇာတ်လမ်းများဖြင့် ဆွဲဆောင် လေ့ရှိသည်။
လိမ်လည်ခံရသူများသည် ၎င်းတို့ ပိုင်ဆိုင်မှုများအား ဘဏ်ကနေ ငွေလွှဲပေးခြင်း သို့မဟုတ် ခရစ်ပတို ငွေပေးချေမှု ပြုလုပ်ပြီးနောက်မှ အဖြစ်မှန်ကို သိကြရသည်။
သောင်ရင်းမြစ်ငယ်ကလေးသာ ပိုင်းခြားထားသော်လည်း အဆိုပါလုပ်ငန်းများသည် တရားဥပဒေစိုးမိုးရေး ဌာနတို့က လက်လှမ်းမမီနိုင်သည့် ခြံဝန်းကြီးများအတွင်း လုပ်ကိုင်နေကြသည်။
မြန်မာစစ်တပ်အောက်၏ လက်အောက်ခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော ကရင် နယ်ခြားစောင့်တပ် – BGF က ယင်းနေရာများကို စီမံခန့်ခွဲနေရပြီး ဥပဒေအရ အရေးယူ အပြစ်ပေးမှုများကနေလည်း လွတ်မြောက်နေပါသည်။
ထို့ပြင် အဆိုပါအဖွဲ့များသည် ၎င်းတို့၏ ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား ထိုင်းနိုင်ငံနယ်စပ်တလျှောက်တောင်ဘက်သို့ တိုးချဲ့နေသည်။
ပြီးခဲ့သော ရက်သတ္တများအတွင်းမှာတော့ တရုတ်မင်းသားဝမ်ရှင်းအား ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးနောက် ပျောက်ဆုံးနေသည့် ရက်အနည်းငယ်အတွင်း ကယ်ဆယ်လိုက်နိုင်သည်။
၎င်းသည် သရုပ်ဆောင်ရန် လိမ်လည်ခေါ်ဆိုခံခဲ့ရပြီး မြန်မာနိုင်ငံသို့ ဖြတ်ကူးရန် အယုံသွင်းခံခဲ့ရသည်ဟု ပြောသည်။ ဝမ်ရှင်းသည် လူသိများထင်ရှားသူဖြစ်သောကြောင့်သာ သူ့ကို ကယ်ဆယ်ရန် အားထုတ်မှုများ မြန်ဆန်ခဲ့ပုံပေါ်သည်။
သို့သော် ထောင်ချီသော အခြားသူများသည် ထိုမျှကံမကောင်းကြောင်း လူမှုအခြေပြုအဖွဲ့များက သတိပေးနေပြီး အချို့သူများကတော့ နှစ်များစွာ ပိတ်မိနေကြသည်။
“ရှင်းရှင်းရဲ့ အမှုက ထိုင်းနိုင်ငံကို ခရီးသွားရတဲ့ အန္တရာယ်နဲ့ အဲဒီငွေလိမ်ဂိုဏ်းတွေရဲ့ အတင့်ရဲမှုကို အွန်လိုင်းမှာ လူသိရှင်ကြားဖြစ်စေတယ်” ဟု ထိုင်းအခြေစိုက် လူကုန်ကူးခံရသူများကူညီရေးကွန်ရက်က တရုတ်အာဏာပိုင်များထံ ဇန်နဝါရီလ ၇ ရက်ရက်စွဲဖြင့် ပေးပို့သော စာတွင် ဖော်ပြထားသည်။
ယင်းရာဇဝတ်ဂိုဏ်းများအား တရုတ်နိုင်ငံက အပြီးတိုင် ချေမှုန်းပေးရန် အဆိုပါအဖွဲ့က တောင်းဆိုထားပြီး မြန်မာနိုင်ငံရှိ ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၏ ခြိမ်းခြောက်မှုအောက်တွင် အခြားသားကောင်များအပြင် တရုတ်နိုင်ငံသား ၃,၉၀၀ ကျော် ရှိနေသေးသည်ဟု ယူဆရကြောင်း ပြောသည်။
“မြန်မာနိုင်ငံက ရာဇဝတ်ဂိုဏ်းတွေနဲ့ သူတို့ကို ခွင့်ပြုထားသူတွေကို တရုတ်အစိုးရက ပြတ်သားတဲ့ အရေးယူမှုတွေ ဆောင်ရွက်သင့်တယ်။
တရုတ်နဲ့ ထိုင်းနိုင်ငံကြား ပူးပေါင်းဆောင်ရွက်ဖို့၊ ထောက်လှမ်းရေးသတင်း ဖလှယ်မှုတွေက ထိုင်း-မြန်မာနယ်စပ်က နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုနဲ့ ကြီးမားလာတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အရေးပါတယ်” ဟု အဆိုပါစာတွင် ရေးသားထားသည်။
လွန်ခဲ့သည့် နှစ်က ဖြစ်ပွားခဲ့သော အဓိကကျသည့် နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးများတွင် တရုတ်အာဏာပိုင်များက တရုတ်နယ်စပ်ကိုးကန့်ဒေသရှိ ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို နှိမ်နင်းနိုင်ခဲ့ပြီး တရုတ်ငွေကြေး လိမ်လည်မှု သံသယရှိသူ ရာပေါင်းများစွာကို ဖမ်းဆီးနိုင်ခဲ့ကာ လူကုန်ကူးခံခဲ့ရသည့် ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံသားများအား လွတ်မြောက်စေခဲ့သည်။
သို့သော် ငွေအများအပြား ရသောကြောင့် အဆိုပါငွေလိမ်ဂိုဏ်းများသည် မဲဆောက်တဖက်ကမ်းရှိ မြဝတီတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် KK Park အပါအဝင် လက်ရှိခြံဝင်းများသည် တောင်ဘက်သို့ အလျင်အမြန် ပြန်လည်အုပ်စုဖွဲ့နေကြသည်။
အရှေ့တောင်အာရှက ငွေကြေးလိမ်လည်မှုလုပ်ငန်းများသည် “အကြီးစား ကိုလိုနီနယ်ပယ်များ” ဖြစ်လာပြီး ကမ္ဘာကြီးအနေဖြင့် တစ်နှစ်လျှင် ဒေါ်လာဘီလီယံဆယ်နှင့်ချီ ဆုံးရှုံးနေရသည်ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် အင်စတီကျု – USIP တွင် ဖော်ပြသည်။
အဆိုပါငွေလိမ်လုပ်ငန်းများအား စနစ်တကျ ဖွဲ့စည်းထားပြီး စိတ်ပါလက်ပါ အလုပ်လုပ်နေကြသော ဝန်ထမ်းများအပြင် ကမ္ဘာအနှံ့က လူကုန်ကူးခံရသူများနှင့် ဖွဲ့စည်းထားသည်ဟု လွတ်မြောက်လာကြသည့် အလုပ်သမားများက ပြောသည်။
ငွေလိမ်ရန် အသွင်ယူထားကြသူများသည် ၎င်းတို့၏ ပစ်မှတ်များကို စိတ်ရှည်ရှည်ထားကာ ဆက်သွယ်လေ့ရှိကြသလို လူမှုကွန်ရက်များကတဆင့် ဆက်သွယ်ခြင်းများ ဆောင်ရွက်လေ့ရှိကြပြီး လိမ်လည်ထားသော လုပ်ငန်းများ သို့မဟုတ် အချစ်ဇာတ်လမ်းများ ထွင်ကာ ငွေကြေးလိမ်လည်ရန် ဆွဲဆောင်ကာ ဘဏ်စာရင်းများ ခိုးယူထားသည့် ‘ဝက်သတ်သမား’ ဟု ခေါ်ကြသူများထံ လွှဲပြောင်းပေးလေ့ရှိကြသည်။
မြန်မာဘက်ခြမ်း မြဝတီမြို့တွင် ရှိသည့် ခြံဝင်းများ၌ အလုပ်သမားများအတွက် အဆောင်များ ဆောက်လုပ် ပေးထားပြီး အစားအစာနှင့် ဖျော်ဖြေရေးမှသည် အရှေ့တောင်အာရှတစ်ဝန်းက ကျွန်ပြုထားသော အမျိုးသမီးများထံက လိင်ကိစ္စအထိ ယွမ်၊ ထိုင်းဘတ်နှင့် ခရစ်ပတိုငွေကြေး သို့မဟုတ် QR ကုတ်ဖြင့် ပေးချေရသော အတွင်းစီးပွားရေး ထူထောင်ထားလေသည်။ ၎င်းစီးပွားရေးလုပ်ငန်းတို့အား ရင်းနှီးမြှုပ်နှံသူ အမျိုးမျိုးတို့က စီမံခန့်ခွဲနေကြသည်။
အလုပ်သမားများသည် သတ်မှတ်ငွေကြေး ပြည့်ဝအောင် လိမ်လည်ရမည်ဖြစ်ပြီး မလိမ်လည်နိုင်၍ ထွက်ပြေးသူများအဖို့တော့ ကျွဲ၊ နွားများကို တားဆီးရန်တွင် အသုံးပြုသည့် လျှပ်စစ်ရှော့တိုက်ခြင်းနှင့် သံတုတ်ဖြင့် ရိုက်နှက်ခြင်းအားဖြင့် အကြမ်းဖက်မှုများကို ပုံမှန်ပြုလုပ်လေ့ရှိကြသည်။
“ငွေကြေးလိမ်လည်နေတဲ့ မြို့ကြီးက ဆက်ပြီး ကြီးထွားနေတယ်” ဟု အဆိုပါ လူကုန်ကူးခံရသူများအား လွတ်မြောက်အောင် ကူညီနေရသည့်အတွက် ၎င်းအပေါ် အန္တရာယ်တစုံတရာ မကျရောက်လိုသော ထိုင်းနိုင်ငံရှိ တက်ကြွလှုပ်ရှားသူတစ်ဦးက This Week in Asia ကို ပြောသည်။
“သောင်ရင်းမြစ်တစ်ဖက်ကမ်း မြဝတီမြို့မှာ နေရာ ၃ နေရာရှိပေမယ့် အခုတော့ တောင်ဘက်ကို တိုးချဲ့နေကြပြီ။ နိုင်ငံခြားသားတွေကလည်း ဆက်ပြီး ကူးနေတုန်းပဲ။ အာဏာပိုင်တွေအနေနဲ့ သူတို့ကို တားဆီးတာမျိုး ဘာမှမလုပ်ကြသေးဘူး” ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါခြံဝင်းများအတွက် ဆောက်လုပ်ရေးပစ္စည်းများနှင့် ဝန်ထမ်းများအတွက် လူသားရင်းမြစ် ထောက်ပံ့ရေး လမ်းကြောင်းအဖြစ် ထိုင်းနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍက ဆက်လက်ပါဝင်နေဆဲဖြစ်သည်ဟု အဆိုပါ တက်ကြွလှုပ်ရှားသူက ပြောသည်။
တရုတ်ခရီးသွားဈေးကွက်က ထိုင်းနိုင်ငံအတွက် အရေးပါနေပြီး ယင်းဈေးကွက်အပေါ် ထိခိုက်မည် စိုးရိမ်သောကြောင့် ထိုင်းအာဏာပိုင်များသည် နယ်စပ်အနီး ပျောက်ဆုံးသူများအတွက် ဆက်သွယ်ရန် ဌာန တစ်ခု ထူထောင်ကာ တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရန်နှင့် ၎င်းတို့ လက်လှမ်းမီနိုင်သော နေရာတွင် ကြီးထွားလာနေသည့် ယင်းလုပ်ငန်းကို နှိမ်နင်းရန် တရုတ်အာဏာပိုင်များနှင့် ပူးပေါင်းမည်ဟု ကတိပြုထားသည်။
“ဂီတပွဲတွေ ဖျက်သိမ်းတာ၊ တရုတ်နှစ်သစ်ကူးနီးလာတာနဲ့အမျှ ဒီကိစ္စက ကျွန်တော်တို့ကို ထိခိုက်စေတယ်ဆိုတာ ကျွန်တော်တို့ တွေ့နေရတယ်။ လူတွေ ဒီကိုမလာတော့ဘူးလို့ မျှော်လင့်ရတယ် “ဟု ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က သတင်းထောက်များကို ပြီးခဲ့သော ဇန်နဝါရီ ၁၂ ရက်က ပြောခဲ့သည်။
“ကျွန်တော်တို့ ဒီပြဿနာကို ကိုင်တွယ်နေပါတယ်။ ဒါပေမယ့် တကယ့်ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင်တော့ နားလည်မှုကို အခြေခံရမယ်” ဟုလည်း ၎င်းက ဆိုသည်။
သို့သော်လည်း ငွေလိမ်လုပ်ငန်းများကို ဖြိုခွဲရန်အတွက်မူ ထိုင်းနိုင်ငံတွင် စွမ်းရည်ကန့်သတ်ချက်များ ရှိနေသည်ဟုလည်း ၎င်းက ပြောခဲ့သည်။
ထိုင်းနိုင်ငံ၏ အင်တာနက်ဝန်ဆောင်မှုပေးသူများနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အားထုတ်မှုများကို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်၏ SpaceX ကုမ္ပဏီက ဘရော့ဘန်းဂြိုဟ်တုများနှင့် ဆက်သွယ်သည့် Starlink စက်များ ဝယ်ယူပြီး ကျော်ဖြတ်နေပုံပေါ်သည်ဟု အတွင်းလူများက ပြောသည်။
‘Scam City is growing’: how Myanmar’s cyber fraud hubs outfox efforts to shut them down ကို ဆီလျော်အောင် ရေးသားသည်။