အမီးလေး၊ သံလွင်ခက်
ဇန်နဝါရီ ၂၀၊၂၀၂၅
ရန်ကုန်မြို့၊ ထန်းတပင်မြို့နယ်၊ ပက်အင်းကြီးကျေးရွာတွင် ဇန်နဝါရီလ ၁၉ ရက်၌ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပခဲ့သည်ဟု အခမ်းအနားစီစဉ်သူများထံမှ သိရသည်။
အဆိုပါအခမ်းအနားကို ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့်ကျင်းပခဲ့သည်ဟု နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုမြို့နယ်ခွဲကော်မတီ၊ ရန်ကုန်အဖွဲ့မှ အတွင်းရေးမှူး ကိုယောရှု့ကပြောသည်။
“ပွဲလုပ်ရတဲ့ရည်ရွယ်ချက်က ကိုယ့်ရဲ့ ရိုးရာပွဲကိုလည်း ရန်ကုန်မှာရောက်နေတဲ့သူတွေကလည်းဆင်နွှဲနိုင်အောင် ရည်ရွယ်ချက်လေးပါပဲ။ ကိုယ့်ရဲ့ရိုးရာကိုလည်း ထိန်းသိမ်းတန်ဖိုးထားတဲ့ အနေနဲ့ ကျင်းပတာပေါ့လေ။ ပွဲကိုတော့ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အစိုးရရဲ့ ထောက်ပံ့မှုမဟုတ်ပဲနဲ့ ရန်ကုန်မှာ ရောက်နေတဲ့ လူတွေ ကိုယ်ထူကိုယ်ထ၊ နိုင်ငံရပ်ခြားမှာရောက်နေတဲ့ လူတွေရဲ့ ဝိုင်းဝန်းပံ့ပိုးအကူအညီနဲ့ စီစဉ်နိုင်ခဲ့တာပေါ့လေ” ဟု ၎င်းကဆိုသည်။
ထိုပွဲတော်တွင် လူဦးရေ ၃၀၀ ကျော်တက်ရောက်ခဲ့ပြီး နာဂရိုးရာအကများကခြင်း၊ သီချင်းဆိုခြင်းနှင့် နာဂရိုးရာသမိုင်းကြောင်းများဖတ်ခြင်းတို့လုပ်ဆောင်ခဲ့သည်။
“ဝမ်းသာပျော်ရွှင်မိပါတယ် ကိုယ့်တစ်ယောက်ထဲ အနေနဲ့ဆိုရင်ကျ ရိုးရာပွဲတော်မပါဝင်ဖြစ်တာ သုံးနှစ်လောက် ကြာမှ ပြန်ပါဝင်ဖြစ်တော့ ရန်ကုန်လိုနေရာမှာက ကိုယ့်နာဂတွေတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံဖို့က မလွယ်ဘူးလေ။ အခုလိုပွဲတော်နေ့တွေက ဆုံကြတွေ့ကြရတော့အမျိုးတွေအချင်းချင်းလည်းပိုပြီး ရင်းနှီးမှုတွေရတယ်” ပွဲတက်ရောက်လာသည့် လူငယ်တစ်ဦးကပြောသည်။
ရန်ကုန်မြို့တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အား ၂၀၁၂ ခုနှစ်မှစတင်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ယခုနှစ်ကျင်းပခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။
ယခုနှစ် နာဂရိုးရာနှစ်သစ်ကူး ဗဟိုပွဲတော်အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဇန်နဝါရီလ ၁၄ ရက်မှ ၁၅ ရက်ထိ ပြုလုပ်ကျင်းပခဲ့ပြီး စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး မောင်မောင်အေး တက်ရောက်ခဲ့သည်ဟု သိရသည်။