သန္တာဖြူ
ဖေဖော်ဝါရီ ၁၊ ၂၀၂၅။
“စစ်မှုထမ်း စာရင်းပါတယ်ဆိုတော့ ဘာဆက်လုပ်ရမှန်းလည်းမသိဘူး။ ဘယ်ကိုသွားပြီး တိမ်းရှောင်ရမလဲ မသိဘူး” လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဒေါ်ချိုချို ( အမည်လွဲ) က ငိုသံနဲ့ ပြောပါတယ်။
စစ်ပွဲတိုင်း ရှုံးကာ နယ်မြေဆုံးရှုံးမှုများလာပြီး စစ်ဘောင်ကျယ်လာတာနဲ့ အမျှ တပ်သားလိုအပ်မှု မြင့်မားနေတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းနည်းဥပဒေကို ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီလ ၂၃ မှာ ပြဌာန်းလိုက်ပါတယ်။
အဲဒီ စစ်မှုထမ်းနည်းဥပဒေ ပြဌာန်းပြီးနောက်မှာ အမျိုးသမီးငယ်တွေကို ပစ်မှတ်ထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကနေ တဆင့် အိမ်တွေဆီကို ဆင့်ခေါ်စာပို့ဖို့ စစ်ကောင်စီက ပေါ်ပေါ်တင်တင် လုပ်ဆောင်လာတာပါ။
စစ်ကောင်စီအနေနဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှာ အမျိုးသမီး စစ်မှုထမ်းတွေကို ပထမအသုတ်အဖြစ် ခေါ်ယူဖို့ လျာထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အမျိုးသမီးတွေရဲ့ စာရင်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ကောက်ယူနေပါတယ်။
ပြည်သူ့ အပူမီး
ဒီလို စစ်မှုထမ်း စာရင်းကောက်ခံရသူတွေထဲမှာ ဒေါ်ချိုချိုရဲ့ သမီး နှစ်ယောက်နဲ့ သား တစ်ယောက်လည်း ပါဝင်ခဲ့ပြီး တစ်မိသားစုတည်းက သားသမီး သုံးယောက်အထိ စစ်မှုထမ်းဆင့်ခေါ်စာ ပို့ခံထားရတာပါ။ မိသားစု တစ်စုမှာ မိသားစုဝင် တစ်ယောက်သာ စစ်မှုထမ်းစာရင်းထဲပါမယ်လို့ သိထားတဲ့ ဒေါ်ချိုချိုအတွက်တော့ အပူမီး ဝိုင်းပြီး သောကရောက်နေရတဲ့ အချိန်ပါပဲ။
“စစ်မှုထမ်းတယ်။ ရိုးရိုးတန်းတန်း စစ်မှုထမ်းရရင်တော့ အကြောင်းမဟုတ်ဘူးလေနော်။ သူတို့က ပေါက်ပန်းလေးဆယ်တွေ ကလေးတွေကို လုပ်မှာ။ အခု ကိုယ်အိမ့်မှာ ကိုယ့်ကို ရှာကျွေးတဲ့ ကလေးတွေပါ” လို့ ဒေါ်ချိုချိုက ဆိုပါတယ်။
အခုလို စစ်မှုထမ်းစာရင်းပါတဲ့သူတွေက ကင်းလွတ်ခွင့်ရဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အနည်းဆုံး ၁၀ သိန်းကျပ်ကနေ သိန်း ၅၀ အထိ လာဘ်ထိုးရတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်သူတွေဆီက စုံစမ်းသိရပါတယ်။
“ထမင်း တစ်နပ်စားဖို့တောင် မနည်းရုန်းကန်နေရတဲ့ အခြေအနေကြီး၊ ပိုက်ဆံ အနည်းဆုံး ဆယ်သိန်းပေါ့။ ဒီ ဆယ်သိန်း မပြောနဲ့၊ ပိုက်ဆံ တစ်သောင်းရဖို့တောင် အခုခေတ်ကြီးမှာ မနည်း ရုန်းကန်နေရတာ” လို့ ဒေါ်ချိုချိုက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစ ၂၀၂၁ ခုနှစ်က ကုန်စျေးနှုန်း အခြေအနေနဲ့ လက်ရှိ ကုန်စျေးနှုန်း အခြေအနေကို နှိုင်းယှဥ်ကြည့်ရင် ကွာဟမှု မြင့်မားနေပြီး ပြည်သူတွေဟာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတာပါ။
ဒီလို မြင့်တက်နေတဲ့ ကုန်စျေးနှုန်း၊ အိမ်ဌားခတွေနဲ့ အထွေထွေကုန်ကျစရိတ်အတွက် နေ့စဉ် ရုန်းကန်နေရတာကြောင့် စစ်မှုထမ်း ဆင့်ခေါ်စာ ရရှိရင်တောင်မှ ငွေကြေးနဲ့ ဖြေရှင်းတာ၊ ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်သွားတာမျိုးတွေ လုပ်ဖို့ မတွေးတောနိုင်တဲ့ မိသားစုတွေ ရှိနေပါတယ်။
“နေ့စဉ် လူထုတွေက စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာတွေ ရှိနေတဲ့ အချိန်ကျတော့ ငါဒီနေ့ ဘာလုပ်ရမလဲ။ ဘာတွေလုပ်ရမလဲ၊ ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာကို အရင်ဆုံး တွေးနေရတာပါ” လို့ သာကေတမြို့နယ်မှာ နေထိုင်တဲ့ မရီရီ (အမည်လွဲ) က ပြောပါတယ်။
ဒ့ါအပြင် စစ်ကောင်စီ အာဏာစိုးမိုးဆဲ ဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ စစ်ကောင်စီရဲ့ လက်ပါးစေတွေက အတင်းအဓမ္မ စစ်သားသစ်စုဆောင်းတာတွေကို လုပ်ဆောင်နေတာပါ။ အဲဒီလို လုပ်ဆောင်ရာမှာ ပျော်ပွဲရွှင်ပွဲတွေ၊ လောင်းကစားပွဲတွေ ကျင်းပပြီး လူငယ်တွေကို ဖမ်းဆီးနေတာဖြစ်တယ်လို့ ရန်ကုန်တစ်ဖက်ကမ်း သန်လျင်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
အခုလို အရွယ်ကောင်း လူငယ်တွေကို စစ်ကောင်စီရဲ့ လက်ပါးစေတွေ အပြင် လူမိုက်တွေက ဦးဆောင်ဖမ်းဆီးပြီး စစ်ကောင်စီထံကို တစ်ဦးလျှင် သိန်း ၅၀ ကျပ်နဲ့ ပြန်လည်ရောင်းချတာတွေ ရှိနေတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မျှဝေမှုတွေ ရှိနေပါတယ်။
“မနေ့က စစ်မှုထမ်းဖို့ အိမ်မှာ စာရင်း လာစစ်တယ်။ သားသမီး ဘယ်နှယောက်လဲ မေးတော့ တစ်ယောက်ပဲလို့။ အဲဒီတစ်ယောက် ဘယ်မှာလဲလို့မေးတော့ ပြည်ပမှာလို့ ပြောတာကို ဆင့်ခေါ်စာနဲ့ ခေါ်ခိုင်းသတဲ့။ မဟုတ်ရင် မိသားစု၀င်ထဲက တစ်ယောက်ယောက် စစ်မှုထမ်းလို့ ပြောတယ်။ အဖိုးက ငါတို့အရွယ်နဲ့ ဘယ်လိုထမ်းရမလဲ ပြောတော့ ဒါဆို ခြံရှိလားလို့ မေးပြန်တယ်။ မရှိဘူးလို့ ဖြေလိုက်တယ်။ သိန်း တစ်ရာ တောင်းတယ်။ မပေးနိုင်ဘူးလို့ ပြောတာ ၅၂သိန်း ယူပြီး ကိစ္စပြီးသွားတယ်။ အရမ်း ရင်နာဖို့ ကောင်းတယ်ဗျာ” လို့ ပြည်ပမှ နေထိုင်နေတဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူ ဆရာဝန် တစ်ဦးက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားပါတယ်။
ပြည်ပထွက်ခွင့် ပိတ်ထား
ပြည်တွင်းမှာ လူငယ်၊ လူရွယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်သားစုဆောင်းနေလို့ ပြည်ပကို ရှောင်တိမ်းဖို့ ပြင်ဆင်မယ်ဆိုရင်လည်း မလွယ်ကူတဲ့ အခြေအနေဖြစ်နေပါတယ်။
စစ်မှုထမ်းနည်းဥပဒေ ထွက်လာပြီးနောက်မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်သူ လူငယ်တွေရဲ့ ပြည်ပနိုင်ငံထွက်ခွာခွင့်ကို တားမြစ်ထားပြီး နိုင်ငံကူးလက်မှတ် PJ ကိုင်ဆောင်သူတွေကိုသာ ထွက်ခွာခွင့်ပေးတော့မယ့် သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေဆီက သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်ပထွက်ခွာတဲ့ လူငယ်တွေကို လိုအပ်တဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ယူဆောင်လာပေမယ့် ထွက်ခွာခွင့် မပေးတာတွေလည်း ရှိနေပါတယ်။
ဒါကြောင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ နီးစပ်သူ ပွဲစားတွေဆီမှာ ကျပ် သိန်း ၅၀ ခန့် ပေးဆောင်ရတဲ့ VIP လမ်းကြောင်းကြေး (လူကြီးလမ်းကြောင်းရှင်းခ) လက်သိတ်ထိုးပေးချေပြီး ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေကြရပါတယ်။
မကြာသေးမီက အတည်ပြုထားတဲ့ စစ်မှုထမ်းနည်းဥပဒေရဲ့ ပုဒ်မ ၅၁ မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ ရရှိထားသူတွေက ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက် မပါဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရလို့ ထည့်သွင်းဖော်ပြထားပါတယ်။
အပူပေါ် အပူဆင့်စေတဲ့ စစ်မှုထမ်းနည်းဥပဒေ
စစ်မှုထမ်းနည်းဥပဒေက စစ်မှုထမ်းဥပဒေအတည်ပြုပြီး ၁၁ လ အကြာမှာ ထွက်လာတာပါ။ ဒီနည်းဥပဒေမှာ ပုဒ်မ ၅၉ ခုပါရှိပြီး လူငယ်တွေကို သက်သာခွင့်ပေးရမယ့်အစား နည်းမျိုးစုံနဲ့ နှိပ်ကွပ်ထားတဲ့ ဥပဒေဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
“ပုဒ်မ ၃၀၊ ၃၁၊ ၅၀၊ ၅၁ ၊ ၅၉ ကို ကြည့်လိုက်ရင် သတ်မှတ်ထားတဲ့ လူဦးရေ မပြည့်ဘူး ဆိုရင် ဗဟိုရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်လို့ရတယ်ဆိုတဲ့ အချက်တွေ ပါတယ်။ သူတို့က အယောက် ၁၀၀ သတ်မှတ်ထားတာလား။ အယောက် ၂၀၀ သတ်မှတ်ထားတာလား။ အဲဒါ သတ်မှတ်ထားတဲ့ ဦးရေ မပြည့်ရင် အသက်လည်း လျော့ခေါ်လို့ ရတယ်၊ တိုးခေါ်လို့ ရတယ်။ လူငယ်လူရွယ်တင် မဟုတ်ဘူး။ သူတို့ရဲ့ စစ်မှုထမ်းဥပဒေမှာ ပြဌာန်းထားတဲ့ အသက်ထက်ကျော်လွန်နေသူတွေကိုလည်း ခေါ်နိုင်တယ်” လို့ CDM စစ်သားတွေကို ကူညီထောက်ပံ့ရေး လုပ်ဆောင်နေတဲ့ Mother’s Embrace Foundation က ကိုသန်းမြင့်အောင်က သုံးသပ်ပါတယ်။
ဒီလို စစ်မှုထမ်းနည်းဥပဒေ မထွက်ခင်ကတည်းက နယ်မြို့တွေမှာ ပေါ်တာဆွဲတာ၊ လူတွေကို အတင်းအဓမ္မ ဖမ်းဆီးတာနဲ့ စစ်ပွဲဖြစ်နေတဲ့ နယ်မြေတွေက ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်တာတွေကို စစ်ကောင်စီက ပေါ်ပေါ်တင်တင်လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်ကာလ ၂၀၀၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ တစ်နှစ်ကို ပျှမ်းမျှ စစ်သား ၁၂၀၀၀ အထိ စုဆောင်းခဲ့တယ်လို့ ISP Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
“သူတို့က နည်းဥပဒေ ထုတ်တယ်ပေ့ါနော်။ ဒါပေမယ့် နည်းဥပဒေတွေအတိုင်း အကောင်အထည် ဖော်တာ မဟုတ်ဘူးလေနော်။ အောက်ခြေမှာ ဖြစ်ချင်သလို ဖြစ်တယ်။ လူဖမ်း အတင်းအဓမ္မ လုပ်တာတွေကို ခွင့်ပြုထားတဲ့ အခြေအနေမျိုး ဖြစ်တာပေ့ါ” ဟု နိုင်ငံရေးသုတေသီ ဦးအောင်သူငြိမ်းက ပြောပါတယ်။
စစ်ကောင်စီဟာ စစ်ပွဲတိုင်း ရှုံးနေပြီး အလံဖြူထောင်တဲ့ စစ်သားအင်အားများလာတာနဲ့ အမျှ စစ်ကောင်စီရဲ့ စစ်သားလိုအပ်ချက် မြင့်မားလာတာကြောင့် အခုလို အတင်းအဓမ္မ စစ်မှုထမ်း ဆင့်ခေါ်မှုတွေ လုပ်ဆောင်နိုင်ဖို့ စစ်မှုထမ်းနည်းဥပဒေကို ပြဌာန်းလိုက်တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။
“စစ်အင်အားအကြီးအကျယ် လိုနေတယ်ဗျာ။ စစ်အင်အားလိုနေတဲ့အခါမှာ ပိုတင်းကျပ်တဲ့ ဥပဒေမျိုး ထုတ်တယ်လို့ ယူဆတယ်” လို့ ဦးအောင်သူငြိမ်းက ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၉ ခုအထိ ဖွင့်လှစ်ထားပြီးပါပြီ။ လာမယ့် ဖေဖော်ဝါရီလလယ်ခန့်မှာ အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်နိုင်ဖို့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ် အရွယ် အမျိုးသမီးတွေရဲ့ စာရင်းကို ကောက်ယူနေတာပဲ ဖြစ်ပါတယ်။
စစ်မှုထမ်းဆင့်ခေါ်စာ ရရှိသူတွေက ကင်းလွတ်ခွင့်၊ ကာလလျှော့ပေါ့ခွင့်နဲ့ ကာလရွှေ့ဆိုင်းခွင့်တွေ လျှောက်ထားနိုင်တယ်လို့ စစ်မှုထမ်းနည်းဥပဒေ အခန်း ၅ မှာ ဖော်ပြထားပေမယ့် ဗဟိုအဆင့်ကနေ အဆင့်ဆင့် စိစစ်ပြီးမှသာ လျှော့ပေါ့ခွင့် ရရှိမယ်လို့လည်း ဖော်ပြထားတာပါ။
ပြည်ပနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အချိန်မှာ ဗဟို့အဖွဲ့ရဲ့ ထောက်ခံချက်ပါရှိမှသာ သက်တမ်းတိုးခွင့်ပြုမယ်လို့လည်း သိရပါတယ်။
ဒါကြောင့် စစ်မှုထမ်းနည်းဥပဒေက ပြည်တွင်း၊ ပြည်ပနေထိုင်သူ အားလုံးကို အပူမီးလောင်ကျွမ်းစေတဲ့ ဥပဒေ တစ်ရပ်ပဲ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက မှတ်ချက်ပြုပါတယ်။
“ဒီဘက်ရောက်တဲ့ သူတွေကလည်း စာရင်းသွင်းရမယ်၊ ခိုင်လုံတဲ့ အထောက်အထား မပြနိုင်ခဲ့ရင် တရားစွဲလို့ ရတယ်။ ဝရမ်းပြေးအဖြစ် သတ်မှတ်လို့ ရတယ်။ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာလူငယ်တွေဟာလည်း ဝရမ်းပြေးသဘောမျိုး ဖြစ်လာတဲ့ အခြေအနေပေါ့။ ဒါကြောင့် တစ်ယောက်မှ မလွတ်ဘူး။ ပြည်တွင်းက လူငယ်တွေလည်း မလွတ်သလို ပြည်ပမှာ ရောက်နေတဲ့ လူငယ်လူရွယ်တွေ လူလတ်ပိုင်းတွေလည်း မလွတ်ပါဘူး” လို့ ကိုသန်းမြင့်အောင်က ပြောပါတယ်။
ပြည်သူတွေ အတွက် ဖြေဆေးက ဘယ်မှာလဲ
ဒီစစ်မှုထမ်းနည်းဥပဒေဟာ အဘက်ဘက်က ခက်ခဲကြပ်တည်းနေတဲ့ မြန်မာပြည်သူတွေကို ထွက်ပေါက်မဲ့စေပြီး ပိုမိုခက်ခဲအောင် စစ်ကောင်စီက လုပ်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်။
“ဒီပြဿနာရဲ့ အဓိက ပင်မကတော့ မအလပဲ။ ဒီကောင်တွေ မရှိတော့မှ ပြဿနာတွေက အေးမှာ။ အဓိက ကတော့ ကျွန်တော်တို့က ဆန်စင်ရာ ကျည်ပွေ့လိုက် ဒီကောင်က ရှုပ်လိုက် ကျွန်တော်တို့က နောက်ကနေ လိုက်ရှင်းလိုက် ဖြစ်နေတာပေ့ါဗျာ။ ပြဿနာ အရင်းအမြစ်က စစ်ကောင်စီ မရှိမှ အေးမယ်” လို့ ကိုသန်းမြင့်အောင်က ပြောပါတယ်။
ဦးအောင်သူငြိမ်းကလည်း “စစ်ကောင်စီက လုပ်တဲ့ ဥပဒေ စစ်ကောင်စီ ပုံစံအတိုင်းက ပြေလည်ဖို့ မရှိဘူးဗျ။ ဒီမိုကရေစီ လွှတ်တော်တွေ ရှိလာတယ်ဆိုမှ အများက ကန့်ကွက်တာတွေ၊ ပယ်ဖျက်တာတွေ လုပ်လို့ရမှာ”လို့ သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းထားသရွေ့ ပြည်သူတွေဟာ လက်တွေ့မဆန်တဲ့ ဥပဒေတွေကြားမှာ ထွက်ပေါက်မဲ့ အခြေအနေတွေနဲ့ ဆက်လက်ရင်ဆိုင်နေကြရဆဲပါ။