ဘုန်းမောင်
ဒီဇင်ဘာ ၂၆၊ ၂၀၂၄။
မြန်မာပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမငြိမ်သက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ မြန်မာစစ်တပ်က လူ ၅ ယောက်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဥ်က အနည်းဆုံး ၃၂၀ မှုရှိခဲ့ပြီး အရပ်သား ၃,၁၉၅ ဦးသေဆုံးခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်က ထုတ်ပြန်ထားပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာပြဿနာကို ကိုင်တွယ်ရေးကြိုးပမ်းမှုအဖြစ် ထိုင်းနိုင်ငံက ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဒေသဆိုင်ရာသီးခြားအစည်းအဝေးနှစ်ခုကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပါတယ်။
ပထမအကြိမ်အစည်းအဝေးမှာ မြန်မာစစ်ကောင်စီနဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုတို့ပါဝင်ပြီး ဒုတိယအကြိမ်ပြုလုပ်တဲ့အစည်းအဝေးမှာတော့ အာဆီယံနိုင်ငံတွေပါဝင်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး တွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်ဖို့ အရေးတကြီးလိုအပ်ကြောင်း အိမ်နီးချင်းနိုင်ငံတွေအားလုံးက လက်ခံသဘောတူခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒစ်ချ် ဘာလန်ကူရာ (Nikorndej Balankura) က ဘန်ကောက်မြို့မှာပြု လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တဆက်တည်းမှာပဲ သူက “ပုံမှန်တွေ့ဆုံဆွေးနွေးခြင်းရဲ့တန်ဖိုးကို သူတို့တွေ တွေ့မြင်သွားခဲ့ကြတယ်။ သူတို့က တခြားနိုင်ငံတွေထက်စာရင် မြန်မာ့အရေးကို နားလည်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးဟာ မြန်မာရဲ့အိမ်နီးချင်းတွေဖြစ်တာကြောင့် မြန်မာနိုင်ငံအခြေအနေက သူတို့အပေါ် တိုက် ရိုက်အကျိုးသက်ရောက်တဲ့အတွက်ကြောင့်ပါ” လို့ ပြောဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲတွေ ပျက်စီးသွားတော့မလား?
ဆွေးနွေးပွဲကျင်းပတဲ့ကြာသပတေးနေ့မှာ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီရဲ့နိုင်ငံရေးလမ်းပြမြေပုံနဲ့ မြန်မာနိုင်ငံမှာကျင်းပဖို့စီစဥ်ထားတဲ့ရွေးကောက်ပွဲအကြောင်းအကြမ်းဖျင်းရှင်းပြသွားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာကျင်းပမယ့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲက အတုအယောင်သာဖြစ်ပြီး ရှက်ဖို့ကောင်းတဲ့ ရွေးကောက်ပွဲသာဖြစ်ရမယ်လို့ ဝေဖန်သူတွေကပြောပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ပဋိပက္ခနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကိုလေ့လာနေတဲ့ အမှီအခိုကင်း တဲ့လေ့လာသုံးသပ်သူ David Scoot Mathieson ကလည်း ဆွေးနွေးပွဲက ရလဒ်တွေထွက်မလာဘူးလို့ပြောပါ တယ်။
“မြန်မာစစ်တပ်က ငြိမ်းချမ်းရေးအပေါ် အလေးအနက်မထားရင် ဒီဆွေးနွေးပွဲတွေက အလွန်ကိုပဲ အကန့်အသတ်ရှိနေပါလိမ့်မယ်။ မြန်မာစစ်တပ်က ပြဿနာအားလုံးရဲ့မူလဇစ်မြစ်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းနားမလည်ဘဲနဲ့တော့ မြန်မာနိုင်ငံအပေါ် သံတမန်ရေးနည်းလမ်းအရ ချဥ်းကပ်လို့မရပါဘူး”လို့ သူက DW ကိုပြောပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီရဲ့တောင်းဆိုချက်တွေကို အလေးအနက်မထားသင့်ဘူးလို့ Mathieson က အလေးအနက်ပြောကြားခဲ့ပါတယ်။
“ဒီတောင်းဆိုချက်တွေကို ဘယ်သူကမှ အလေးအနက်မထားသင့်ဘူး။ ဒါက သံခင်းတမန်ခင်းရဲ့ထောင်ချောက်ပဲ။ တစ်ယောက်ယောက်ကသာ ရွေးကောက်ပွဲပြင်ဆင်နေမှုနဲ့ပတ်သက်ပြီး အလေးအနက်ထားလုပ်နေရင် တိုင်းပြည်ကို ရှည်လျားတဲ့ပဋိပက္ခတွေနဲ့ အဆုံးသတ်သွားစေလိမ့်မယ်”
မြန်မာစစ်ကောင်စီကို အာဆီယံက ဘာပြောခဲ့လဲ?
ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတစေလိုကြောင်း မြန်မာစစ်ကောင်စီကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပြောကြားခဲ့တယ်လို့ ထိုင်းအစိုးရကပြောပါတယ်။
“တကယ်လို့ အဲဒီမှာရွေးကောက်ပွဲသာရှိခဲ့မယ်ဆိုရင် သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့လုပ်ငန်းစဥ်တစ်ရပ်ကိုသာ အာဆီယံကလိုလားလိမ့်မယ်”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က အာဆီယံ အရာရှိတွေ၊ အကြီးတန်းသံတမန်တွေနဲ့တွေ့ဆုံပြီးနောက် ဘန်ကောက်မြို့မှာပြုလုပ်တဲ့ အဖွဲ့ရဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အာဆီယံအနေနဲ့ကတော့ မြန်မာဘက်ကထုတ်ပြန်လာမယ့် မဲစာရင်းအသေးစိတ်ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေကပြောပါတယ်။
“မြန်မာ့အရေးအတွက်အဖြေရှာရာမှာ မြန်မာနိုင်ငံကိုထောက်ခံတယ်ဆိုပေမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတွင်းက သက်ဆိုင်သူတွေအားလုံးပါဝင်ရမယ်လို့ အိမ်နီးချင်းနိုင်ငံတွေကပြောတယ်” လို့ Maris ကပြောပါတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အကြံဉာဏ်တွေပေးနိုင်ပေမယ့် ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ဖို့ အလေးပေးပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေ ဘယ်လိုရှိလဲ?
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီးချိန်ကတည်းကစပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
အာဏာသိမ်းမှုက အထူးသဖြင့် တိုင်းရင်းသားလူနည်းစုတွေကြီးစိုးတဲ့ဒေသတွေမှာ ကြီးမားတဲ့လူထုအုံကြွမှုကြီးအဖြစ်ပြောင်းလဲသွားတဲ့ လူထုဆန္ဒပြပွဲတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။
စစ်ကောင်စီကိုဆန့်ကျင်သူတွေကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အရပ်သားဦးဆောင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်တဲ့အဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကစတင်ခဲ့တဲ့ မြန်မာ့ပြည်တွင်းစစ်မှာ အရပ်သား ၅,၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် သန်းနဲ့ချီတဲ့ ပြည်သူတွေပြည်တွင်းရွှေ့ပြောင်းနေထိုင်နေကြရပြီး နိုင်ငံ့စီးပွားရေးကလည်း ပြိုလဲသွားခဲ့ပါတော့တယ်။
အထူးသဖြင့် တရုတ်နိုင်ငံနဲ့နယ်နိမိတ်အနီးမှာရှိတဲ့ ကျယ်ပြန်တဲ့နယ်မြေအများအပြားကို စစ်ကောင်စီထံကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကသိမ်းယူခဲ့တဲ့ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံတွင်းပဋိပက္ခတွေ ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။
မြန်မာစစ်ကောင်စီအပေါ်လွှမ်းမိုးနိုင်ဖို့ ထိုင်းနိုင်ငံက အားထုတ်နိုင်သလား?
ထိုင်းနဲ့မြန်မာနိုင်ငံက နီးစပ်ပေမယ့် ရှုပ်ထွေးတဲ့သမိုင်းကြောင်းရှိခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးက ယဥ်ကျေးမှုနဲ့ဘာသာရေးပိုင်းမှာ တူညီမှုရှိပြီး ကုန်းမြေနယ်နိမိတ်အားဖြင့်ဆိုရင်လည်း ၂,၄၀၀ ကီလိုမီတာ (၁,၄၉၀ မိုင်) ထိစပ်နေပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ မြန်မာစစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံသားအများအပြားဟာ ပိုပြီးကောင်းတဲ့ဘဝနေထိုင်ရေးမျှော်လင့်ချက်နဲ့ ထိုင်းနိုင်ငံကိုထွက်ပြေးခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း ၂ သန်းနီးပါးနေထိုင်နေပါတယ်။
မြန်မာ့ပြည်တွင်းစစ်နဲ့ မတည်ငြိမ်မှုကြောင့် အထိအခိုက်အခံရဆုံးနိုင်ငံက ထိုင်းနိုင်ငံဖြစ်တယ်လို့ ဝါရင့်သတင်းစာဆရာနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ Pravit Rojanaphruk ကပြောခဲ့ပါတယ်။
သူက “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းကိုသာမဘဲ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တွန်းတင်ပေးဖို့အတွက် ဘန်ကောက်အနေနဲ့ ပိုပြီးတော့ စေ့စပ်သေချာမှုရှိ ဖို့လိုပါတယ်”လို့ အလေးပေးပြောကြားခဲ့ပါတယ်။
______________
DW တွင်ဖော်ပြထားသော “Can Thailand unite ASEAN to pile pressure on Myanmar?” ကိုဆီလျော် အောင်ရေးသားသည်။