သံလွင်ခက်
ဒီဇင်ဘာ ၂၆၊ ၂၀၂၄။
သဘာဝဘေးအန္တရာယ် ဆူနာမီငလျင်ရေလှိုင်း၊ ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့် နှစ် ၂၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ထိုင်းနိုင်ငံ တောင်ပိုင်း၊ နမ္မခင်းကျေးရွာ (Baan Nam Kem) တွင် ယနေ့နံနက် ၇ နာရီခန့် မှစတင်ကာ ကျင်းပခဲ့ကြသည်ဟု သိရသည်။
အဆိုပါ ဆူနာမီငလျင်ရေလှိုင်းဘေးဒဏ်သည် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က အင်ဒိုနီးရှားနိုင်ငံမှ အာဖရိကတိုက် အရှေ့ဖျား၊ ဆိုမာလီယာနိုင်ငံအထိ နိုင်ငံပေါင်း ၁၄ နိုင်ငံကို ဝင်ရောက် ရိုက်ခတ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ငလျင် ရေဘေးဒဏ်ကို အဆိုးဝါးဆုံး ခံစားခဲ့ရသည်ဟု သိရသည်။
ထိုငလျင်ဘေးဒဏ်ကြောင့် လူဦးရေ စုစုပေါင်း ၂၂၀,၀၀၀ ကျော်သေဆုံးခဲ့ရပြီး ထိုင်းနိုင်ငံ၊ ဖူးခက်နှင့် နမ္မခင်းကျေးရွာတွင်ပင် လူဦးရေ စုစုပေါင်း ၅,၄၀၀ ကျော် သေဆုံးခဲ့သည်ဟု ထိုင်းနိုင်ငံ၏ အဖွဲ့အစည်းများက ဖော်ပြထားသည်။
ထို့ပြင် ထိုသေဆုံးမှုတွင် ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေဒေသများတွင် လာရောက် လုပ်ငန်းလုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ထောင်ချီပါဝင်သည်ဟုလည်း ထိုအချိန်က ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြသူများထံက သိရသည်။
ဆူနာမီငလျင်လှိုင်းဘေးဒဏ်ကြောင့် သေဆုံးသွားခဲ့ရသူများကို အောက်မေ့သောအားဖြင့် ၎င်းတို့ မိသားစုဝင်များနှင့်အတူ လူဦးရေ ၁,၀၀၀ ဝန်းကျင်ခန့်သည် ယနေ့နံနက် နမ္မခင်းကျေးရွာတွင် ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ အပါအဝင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ များဖြင့် ဝတ်ပြုရှိခိုးကာ နှစ် ၂၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ပုံ – ပေးပို့