ဆူဏီးလ်
နိုဝင်ဘာ ၂၅၊ ၂၀၂၄။
၁၉၉၉ ဇရာလက္ခဏာပြစပြုလာတဲ့ညမှာ ကျွန်တော်တို့ပြန်လာခဲ့ကြတယ်။ ဂစ်တာပိုက်လို့ . . .။ အခါပေါင်းများစွာကလိုတော့ ကျွန်တော်တို့သွေးတွေက ဆူပွက်ရုန်းကြွလို့မနေဘူး။ ငြိမ်ငြိမ်ဆိတ်ဆိတ် ခေါင်းကလေးတွေငုံ့လို့။
အသွင်သဏ္ဍာန်မှာတိတ်ဆိတ်နေပေမယ့် အတွင်းအနှစ်သာရပိုင်းမှာတော့ ညှိုးနွမ်းခြောက်သွေ့မှုတွေနဲ့။ ထိတ်လန့်ကြေကွဲမှုတွေနဲ့အတူ ပြန်လာနေမိခဲ့တယ်။
ဒီအခြေအနေတွေမရောက်သေးခင်တုန်းကတော့ ကျွန်တော်တို့တတွေဟာ သီချင်းလှိုင်းတွေထဲမှာ လှိုက်ခုန် စွာနဲ့ စီးမျောလွင့်ပါနေခဲ့ကြတယ်။ တိုလီမိုလီတွေသိမ်းတဲ့ ဗီဒိုအစုတ်အပဲ့ငယ်တစ်လုံးနဲ့ အဲဒီအပေါ်ထပ်တင်ထားတဲ့ကွမ်းယာခုံကိုမျက်နှာပြုလို့ ညထဲမှာ ကျွန်တော်တို့ယစ်ဝေနေခဲ့ကြတယ်။ ရွှင်မြူးတက်ကြွတဲ့ နှလုံး သားများကိုယ်စီနဲ့ပေါ့။
တစ်လိပ်တည်းသာကျန်တော့တဲ့ဆေးပေါ့လိပ်ကို ကျွန်တော်တို့ တစ်ယောက်တစ်ဖွာစီစကေးကျဖွာရှိုက်လို့ ခဏငြိမ်သက်နေတဲ့အခိုက်မှာ ကျွန်တော်က ဂစ်တာကြိုးသံကိုချိန်နေမိတယ်။ အဲဒီခဏလေးမှာပဲ ကျွန်တော် တို့ အလေးဂရုပြုမထားခဲ့တဲ့ဗီဒိုအစုတ်က လှုပ်တုပ်လှုပ်တုပ်ဖြစ်လာပြီး ဗီဒိုတံခါးပွင့်လာတယ်။ စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကျွန်တော်တို့ဝိုင်းကြည့်လိုက်ကြတော့. . . .
တစ်ယောက်. . . . .
နှစ်ယောက်. . . . . .
သုံးယောက်. . . . . .
လေလွင့်ကလေးငယ်တွေ ထိုးထွက်လာကြတာကို ညထဲမှာ ပြက်ပြက်ထင်ထင်ကိုပဲ မြင်လိုက်ကြရတယ်။ သူတို့အားလုံး အိပ်မှုန်စုံမွှားမျက်နှာလေးတွေနဲ့။ ၁၀ နှစ်သာသာလောက်ပဲ ရှိကြလိမ့်ဦးမယ်။ ကျွန်တော်တို့ အားလုံး အံ့ဩမှင်သက်မိနေကြတုန်းမှာပဲ သူတို့တွေက ကျွန်တော်တို့တတွေကိုတစ်ချက်လှမ်းကြည့်တယ်။ ပြီးတော့ . . . အလင်းတဝက်၊ အမှောင်တဝက်ဖြာကျနေတဲ့လမ်းငယ်ရဲ့ အမှောင်ဘက်ထဲကို တိုးဝင်ပျောက်ကွယ်သွားကြတယ်။ ကန္တာရလိုဘဝသုံးခု အမှောင်ထဲပြေးဝင်ပျောက်ကွယ်သွားကြတယ်။ ကျွန်တော်တို့အား လုံးစကားမဆိုမိကြ။ တိတ်ဆိတ်ကွဲအက်။
“အမှောင်တွေကပဲ မင်းတို့ဘဝတွေကို လုံခြုံမှုပေးနိုင်တော့လို့လား ကလေးတို့ရယ်”
အတော်ကြာသွားတော့ သူငယ်ချင်းတစ်ယောက်က သူအိမ်ပြန်တဲ့လမ်းမှာလည်း ဒီလိုလေလွင့်ကလေးငယ် တွေ လမ်းမီးမှုန်မှုန်အောက်မှာ ကျောက်ခဲပစ်တမ်းကစားနေကြတာ ညဥ့်နက်သန်းခေါင်အထိပဲလို့ ပြောလာတယ်။
ကျွန်တော်တို့အားလုံး မောပန်းမှုတွေနဲ့အတူ အသီးသီးထလိုက်ကြပြီးတဲ့နောက် ညှိုးနွမ်းခြောက် သွေ့တဲ့နှလုံးသားကိုယ်စီနဲ့ အိမ်ပြန်ခရီးအစပြုခဲ့ရတယ်။
အိပ်ရာထဲရောက်သွားတော့လည်း ကျွန်တော်အိပ်မပျော်ဘူး။ အိပ်မှုန်စုံမွှားမျက်နှာနဲ့ကလေးငယ်တွေ၊ မီးမှုန်မှုန်အောက်မှာ ကျောက်ခဲပစ်တမ်းကစားနေကြမယ့် ကလေးငယ်တွေ၊ အက္ခရာဝလီတွေကို မွေးဖွားလာကတည်းက မြေမြှုပ်သင်္ဂြိုဟ်ထားပြီးသားဖြစ်တဲ့ကလေးတွေအကြောင်းစဥ်းစားနေမိတယ်။ တွေးနေမိတယ်။ အခုလောက်ဆို ကလေးတွေချမ်းနေရှာရော့မယ်။ မိဘရှိပါလျက်နဲ့ မိဘအကြောင်းမသိရတဲ့ကလေးတွေ၊ အိမ်ရဲ့အနွေးငွေ့ကို မခံစားကြဖူးတဲ့ မေတ္တာငတ်ကလေးငယ်တွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ များများလာနေပြီပဲ။
ဒီကလေးတွေလိုပါပဲ။ မိဘရှိလျက် မိဘမေတ္တာငတ်မွတ်နေကြရရှာတဲ့ ကျွန်တော့်သူငယ်ချင်းတွေ၊ မိဘက ပိုက်ဆံရှိပါလျက် သားဖြစ်သူမှာ ထမင်းငတ်နေရတာတွေ၊ အိမ်ထောင်ရေးပြိုကွဲသံတွေရဲ့ကြား အထီးကျန် နာကြည်းနေကြရရှာတဲ့ ကျွန်တော့်ရောင်းရင်းတွေရဲ့မျက်နှာတွေကလည်း ကျွန်တော့်အာရုံထဲဝင်ဝင်လာနေပါတော့တယ်။
အတွေးကိုဆန့်ထုတ်၊ မြို့ပြကိုခြုံအုပ်ကြည့်မိပြန်တော့ အမြဲလိုလိုကျင်းပလေ့ရှိတဲ့ပွဲတော်တွေရဲ့ကြား မီးဖို ဘေးနားမှာ ဒူးကလေးတွေကွေးပြီးအိပ်မောကျနေတဲ့ အိမ်ခြေရာမဲ့ကလေးငယ်တွေ။ ချေးအထပ်ထပ်ပေကျံ နေတဲ့ မျက်နှာငယ်ကလေးတွေ။ ပွဲတော်အနှံ့ ဘီယာခွံ၊ အရက်ပုလင်းခွံနဲ့ ရေသန့်ဗူးခွံတွေ လှည့်ပတ်ရှာနေကြသူတွေဟာ ကျွန်တော့်အတွေးပိုက်ကွန်ထဲ ငြိပါလာပြန်တယ်။
အဲဒီကလေးတွေဟာ အသက် ၆ နှစ်ကျော်အရွယ်လောက်ဆို လမ်းဘေးကဆေးလိပ်တိုတွေ ကောက်သောက် တတ်စပြုလာကြပြီ။ ခိုးဝှက်တတ်လာကြပြီ။ မေတ္တာငတ်မွတ်သူတွေဟာ တစ်ခါတစ်ခါတော့လည်း ငိုယိုနေတတ်ကြပါသေးတယ်။ မျက်နှာတွေလည်း ဖူးဖူးရောင်လို့။
“ဘယ်လိုလူမဆန်မသားတွေကများ ထိုးနှက်ရိုက်ပုတ်လိုက်ကြလို့လဲကွယ်”
သူတို့တွေဟာ လှည့်ပတ်တောင်းရမ်းစားသောက်နေကြသူတွေမဟုတ်ပါဘူး။ ဘဝရဲ့အခြေအနေအရ ကိုယ်ကျင့်တရားပျက်ယွင်းတာမျိုးကတော့ ရှိမယ်ဆိုရှိနေနိုင်တာပါပဲ။ သူတို့တွေခမျာ ထမင်းမစားခဲ့ရတဲ့ရက် တွေ ဘယ်လောက်များနေပြီလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ထမင်းတစ်ထုပ် ဘယ်သူကများကမ်းခဲ့ဖူးပါသလဲ?
ကလေးတွေရဲ့ကိုယ်ကျင့်တရားပျက်ယွင်းမှုတွေအတွက် အပြစ်မမြင်မိဘဲ ကျွန်တော့်ရင်ထဲနင့်လာတယ်။ ထမင်းတစ်လုတ်တောင်မှမကမ်းခဲ့ဖူးတဲ့ ကျွန်တော့်အကြောင်းသိလာခဲ့ရပြန်တော့လည်း ကျွန်တော့်ကိုယ် ကျွန်တော်ရှက်နေမိတယ်။
တကယ်တော့ ကျွန်တော်တို့တတွေဟာလည်း မြို့ပြရဲ့ဆိုးမွေတွေကို လက်ခံရရှိထားကြသူတွေပါ။ ကွျန်တော် တို့ကိုကြည့်တဲ့ လူတွေရဲ့ လှောင်ပြောင်အထင်သေးတတ်တဲ့မျက်လုံးတွေက ကျွန်တော်တို့တနာကြည်းတတ် လာအောင် သင်ပေးထားပြီးသားပါ။ ညတွေရဲ့ရင်ခွင်ထဲမှာ ငိုယိုနေတတ်ကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ ရှိုက်သံတွေထဲမှာ မိဘမေတ္တာကိုတမ်းတသံတွေ ပါနေစမြဲပါ။
ဘယ်သူကြားမှာလဲ. . . .? ဘယ်သူတွေက ကြားနိုင်မှာမို့လဲဗျာ. . . . . .?
ကျွန်တော့်သူငယ်ချင်းတွေ အဲသလိုငိုယိုနေကြချိန်မှာ ‘အဖေ’ဆိုသူတွေဟာ လူ့ဘီလူးကြီးများလို အပျော်ကျူး လို့ လောကကြီးကိုမေ့နေကြရော့မယ်။ ကျွန်တော့်သူငယ်ချင်းတွေဟာ ရမ္မက်ကပေါက်ဖွားလာတဲ့ သားကောင်သက်သက်ပါပဲ။ ဘဝကို သားကောင်အဖြစ်နဲ့ပဲ သူတို့တွေရှင်သန်နေခဲ့ကြရပါတယ်။
“အလင်းရယ် . . . ငါတို့မြို့ပြတွေအတွက် ရှောင်ဖယ်နိုင်လွန်းအားကြီးတယ်”
“အလင်းစားသူတို့ရေ . . . ခင်ဗျားတို့ ညက်ညက်ကြေအောင်ဝါးနေကြတာက ကျွန်တော်တို့ရဲ့ဘဝတွေပဲ ဖြစ် တယ်”
လောကလူ့ရွာအပေါ် နာကြည်းမုန်းတီးနေကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေရဲ့နာကြည်းမှုတွေကို ဘာနဲ့ အစားထိုးပေးကြမှာတဲ့လဲ။
အတွေးတွေနဲ့အတူ ကြောက်လန့်မှုတွေပါလာတယ်။ နာကြည်းမှုတွေနဲ့အတူ တစ်သက်လုံးကျင်လည်သွားကြရင် လူတွေအတွက် လောကအတွက် ဆိုးကျိုးတွေသာများလာလိမ့်မယ်။ မြို့ပြတွေဟာ မှောင်သထက် မှောင်လာလိမ့်မယ်။ မိုက်မဲမှုတွေ ဗုန်းဘောလအောဖြစ်လာလိမ့်မယ်။ မျိုးဆက်တွေ အရောင်မွဲကုန်ကြလိမ့်မယ်။ မဖြစ်သေးပါဘူး။ ကျွန်တော်တို့တတွေနာကျင်နေကြသလို နောက်မျိုးဆက်ကိုတော့ နာကျင်မှုတွေ လက်ဆင့်မကမ်းသင့်ဘူး။ ကျွန်တော်တို့ကြောင့် သူတို့တွေ မနာကျင်စေသင့်ဘူး။ နာကြည်းမှုတွေနဲ့ပဲ ဘဝကိုနေထိုင်သွားကြမယ်ဆိုရင် နောက်မျိုးဆက်တွေက ကျွန်တော်တို့တတွေကို “လူ့ငနွား”တွေလို့သတ်မှတ်ကြလိမ့်မယ်။ “အသုံးမကျတဲ့ကောင်တွေ” လို့ မြင်ကုန်ကြလိမ့်မယ်။
ကျွန်တော်တို့တတွေဟာ ကလေးတွေရဲ့မျက်ရည်ကို သုတ်ပေးနိုင်သူတွေပဲဖြစ်သင့်တယ်လို့ ထင်ပါတယ်။ နာ ကျင်သူတွေ မဖြစ်စေသင့်ဘူး။ မြို့ပြတွေဆီကို အလင်းတွေသယ်ဆောင်လာဖို့ ကြိုးစားကြရဦးမယ်မဟုတ် လား။ ဒါကြောင့်လည်း ကျွန်တော်တို့ဘဝတွေ နစ်မွန်းမနေသင့်ဘူး။ ကျွန်တော်တို့ရဲ့နာကြည်းမုန်းတီးမှုတွေကို ကောင်းသောအရာတွေနဲ့အစားထိုးသင့်တယ်လို့ ကျွန်တော်ထင်နေမိပါတယ်။
အပြင်ဘက်က လင်းကြက်တွန်သံကြားလာရတယ်။ မနက်ခင်းတစ်ခု ပွင့်အန်စပြုလာချေပြီပေါ့ မိတ်ဆွေ . . .။