ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၂၅၊ ၂၀၂၄။
ရှမ်းမြောက်ဒေသရှိ စစ်ရေးတင်းမာမှုများကို တွေ့ဆုံဖြေရှင်းရန် အမြဲအသင့်ရှိသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ယနေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သည့် တိုက်ပွဲများကြောင့် စစ်ဘေးဒဏ်များခံစားနေရသည့် ဒေသခံပြည်သူများကို ငဲ့ညှာသည့်အပြင် နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းနေသည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြု၍ တွေ့ဆုံဆွေးနွေးမည်ဟု သဘောထားထုတ်ပြန်ခြင်းဖြစ်သည်။
မြန်မာပြည်တွင်ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေတည်ဆောက်ရန်အတွက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုများကို TNLA က ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ တစ်နှစ်ကျော်လာသည်အထိ TNLA က စစ်ကောင်စီကင်းစင်ရေးဆောင်ရွက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
ထို့ကြောင့် ပြည်သူလူထုအား ညှာတာထောက်ထားမှုနှင့်အတူ မိမိကိုယ်ကိုခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကိုဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အမြဲတမ်းအသင့်ရှိသည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းလျှင် လွတ်လပ်သော်လည်း မငြိမ်းချမ်းသော အခြေအနေတစ်ရပ်သာ ပေါ်ပေါက်လိမ့်မည်ဟု ယနေ့ကျရောက်သည့် အမျိုးသားနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်ကလည်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA က တရုတ်နိုင်ငံအစိုးရ၏ ဖိအားပေးမှုကြောင့် မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့ကို ဆက်လက်ထိုးစစ်ဆင်မည်မဟုတ်ဟု ထုတ်ပြန်ပြီးနောက် စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ခဲ့သည်။
ဓာတ်ပုံ-PSLF/TNLA