သံလွင်ခက်
နိုဝင်ဘာ ၂၆၊ ၂၀၂၄။
ကရင်ပြည်နယ် ဖာပွန်-ကမမောင်း လမ်းပေါ်ရှိ မထောရွာအခြေစိုက်တပ်စခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့်ထပ်မံ သေဆုံးခဲ့သည်ဟု KNU တပ်မဟာ(၅)က ယမန်နေ့တွင် ထုတ်ပြန်သည်။
ကမမောင်းမြို့ကို ရှေ့တန်းဌာနချုပ် အခြေစိုက်ထားသော မထောတပ်စခန်းတွင် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ-၄၀၄၊ ၄၀၇၊ ၄၀၈ စသည့် ခြေမြန်တပ်ရင်းများ တပ်စွဲထားခြင်းဖြစ်သည်။
အဆိုပါစခန်းကို KNLA တပ်မဟာ ၅နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ၄ရက်အကြာတွင် သိမ်းပိုက်ရရှိခဲ့သည်။
မထောစခန်းမှ စစ်ကောင်စီတပ်များသည် တောင်ဘက်ရှိ စယ်သဲဖလယ်(တောင်းသုံးလုံး)နှင့်ထွီသီးအူ(ခွေးသေ)စခန်းရှိရာသို့ ဆုတ်ခွာထွက်ပြေးခဲ့ကြပြီး တော်လှန်ရေးတပ်များက လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကြားဖြတ်တိုက်ခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးခန့်သေဆုံးပြီး RPG-7 ၁လက်၊ ၈၁မမ ၁လက်၊ MA-1(၉)လက်၊ MA-2(၄)လက်၊ MA-3(၄)လက်၊ MA-4(၂)လက်၊ ငါးမြီး စက်လက်(၁)လက်၊ ၆၀မမပြောင်းရှည်(၂)လက်၊ ၆၀မမပြောင်းတို(၂)လက်နှင့် ဆက်စပ်ကျည်များ၊မိုင်း များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီစစ်ဗျူဟာတစ်ခု အခြေစိုက်ထားသည့် ဖာပွန်မြို့ကို တော်လှန်ရေးတပ်များက ပြီးခဲ့သည့် မတ်လကုန်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပြင်တွင်ရှိသော ဗျူဟာဌာနချုပ်ကိုလည်း ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ခဲ့သည်။
Photo- KNU Mutraw News